Xiaomi တည်ထောင်သူ Lei Jun က EV ဈေးကွက်တွင် Elon Musk ၏ Tesla နှင့် တွေ့ဆုံရန် အသင့်ရှိ ကြောင်းပြော

  • 177 views

စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော Xiaomi ကို တည်ထောင်သူ လိုင်ဂျွန်က ကုမ္ပဏီ၏ ပထမဆုံးလျှပ်စစ်ကားကို ဈေးကွက်သို့ ပို့ဆောင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်ဟု SCMP သတင်းတစ်ရပ်တွင် ဖော်ပြ သည်။

လိုင်ဂျွန်က အဆိုပါ ပထမဆုံး နမူနာကားကို ယွမ်ငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) သုံးစွဲ ကာ အင်ဂျင်နီယာ ၃၄၀၀ ဦး ပါဝင်သောအဖွဲ့ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံပိုင် ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် လိုင်ဂျွန်က ပြောခဲ့သည်မှာ Apple တည်ထောင်သူ စတိဂျော့ဘ်စ်အား လေးစားကြောင်း ပြောသည်။

Xiaomi မှ ထုတ်လုပ်သော ပွဲဦးထွက် ကားများသည် ဈေးကွက်တွင် Elon Musk ၏ Tesla အပါအဝင် အခြား ကားများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။

လိုင်ဂျွန်က ပြောသည်မှာ Xiaomi ကားသစ်များကို လူအများ နှစ်သက်မှု နည်းမည့်အပေါ် စိုးရိမ်သည့်အပြင် အကယ်၍ ဝယ်လိုအားမြင့်မားပါကလည်း ကုမ္ပဏီ၏ ထုတ်လုပ်နိုင်စွမ်း မလုံလောက်ဖြစ်ကာ ဝယ်လက်များ အနေဖြင့် တစ်နှစ် (သို့မဟုတ်) ၂ နှစ် စောင့်ဆိုင်းကြရမည့်အပေါ် စိုးရိမ်ကြောင်းလည်း ပြောသည်။

လိုင်ဂျွန်သည် စမတ်ဖုန်း ဈေးကွက်တွင်ကဲ့သို့ လျှပ်စစ်ကားဈေးကွက်တွင်လည်း ကြီးမားသည့် အောင်မြင်မှု ရရှိဖွယ် ရှိမရှိကိုမူ စောင့်ကြည့်ကြရဦးမည် ဖြစ်သည်။

လိုင်ဂျွန်သည် အထင်ကရ အမှတ်တံဆိပ်များ ပြည့်နှက်နေသော စမတ်ဖုန်းဈေးကွက်သို့ Xiaomi ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ပို့ဆောင်ခဲ့သည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သော IDC ၏ အချက်အလက်များအရ ယနေ့အခါတွင် Xiaomi သည် ရောင်းအား အရ ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံး ဈေးကွက်ကို ရရှိထားသည်ဟု ဆိုသည်။

Xiaomi ထုတ် နောက်ဆုံးဖုန်းဖြစ်သော Xiaomi 14 ကို အောက်တိုဘာ ၂၆ ရက်တွင် စတင်ရောင်းချခဲ့သည်။ နိုဝင်ဘာလ အစောပိုင်းတွင် လိုင်ဂျွန်က ပြောသည်မှာ Xiaomi 14 အလုံးရေ ၁ သန်းကျော် ရောင်းချထားရ ကြောင်း ပြောသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် Apple ထုတ် iPhone 15 ကို စတင်ထုတ်လုပ်သည့် တစ်လတာအတွင်း တရုတ်ပြည် တွင် အလုံးရေ ၃ သန်းခန့် ရောင်းချခဲ့ကြောင်း သုတေသနအဖွဲ့ Canalys ၏ အချက်အလက်များတွင် ဖော်ပြ သည်။

Xiaomi မှ ပထမဆုံး ထွက်ရှိလာသော ကားများမှာ SU7 နှင့် SU 7 Max တို့ ဖြစ်သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော လိုင်ဂျွန်သည် ပြီးခဲ့သော လအတွင်း သူ၏ မိခင်တက္ကသိုလ်ဖြစ်သော ဝူဟန်တက္ကသိုလ်သို့ ယွမ်ငွေ ၁ ဒသမ ၃ ဘီလီယံ လှူဒါန်းခဲ့မှုမှာ ထိပ်တန်းသတင်းတစ်ခု ဖြစ်ခဲ့သည်။

လိုင်ဂျွန်သည် စမတ်ဖုန်းလောကသို့ မဝင်ရောက်မီ ၁၉၉၁ ခုနှစ်အတွင်း Microsoft Office ကဲ့သို့ လုပ်ငန်းသုံး ဆော့ဖ်ဝဲတစ်ခု ထုတ်လုပ်ရန် ကုမ္ပဏီတစ်ခု စတင်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Xiaomi founder Lei Jun says he is inspired by Apple’s Steve Jobs and ready to take on Elon Musk’s Tesla in the EV market  (scmp)