Ferrari အများစု ဘာကြောင့် အနီရောင် ဖြစ်နေတာလဲ

  • 359 views

 

Ferrari ဟုဆိုလျှင် အနီရောင်ကို ချန်ထား၍ မရ။ Ferrari ၏ အဓိပ္ပာယ်မှာ အနီရောင်ဟု ဆိုရမလောက်ရှိသည်။

Ferrari ကားများကို အခြားသောအရာ အများအပြားဖြင့် ရရှိနိုင်သော်လည်း Rosso Corsa ဟုခေါ်သော Racing Red မှာ အထင်ရှားဆုံး ဖြစ်သည်။

Ferrari နှင့် အနီရောင်တို့၏ ဆက်နွယ်မှု ဇာတ်ကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

အနီရောင်နှင့် Ferrari တို့၏ ဆက်နွယ်မှုမှာ ကားပြိုင်ပွဲ သမိုင်းကြောင်းနှင့် ဆက်စပ်နေသည်။

နိုင်ငံတကာ ကားပြိုင်ပွဲ အစောပိုင်းကာလများတွင် ပြိုင်ပွဲဝင် နိုင်ငံအသီးသီးမှ ပြိုင်ကားအဖွဲ့တို့သည် မိမိတို့၏ ပြိုင်ကားများကို နိုင်ငံကိုယ်စားပြု ဆေးရောင်များ သုတ်ထားကြရသည်။

ပြင်သစ်မှာ အပြာရောင်ကားများဖြင့် ယှဉ်ပြိုင်ပြီး ဗြိတိန်မှာ အစိမ်းရောင်နှင့် အီတလီမှာ အနီရောင်ကားများ ဖြစ်သည်။

နောက်ပိုင်းတွင် အဆိုပါ စည်းမျဉ်းမရှိတော့သော်လည်း အီတလီကားထုတ်လုပ်သူ Alfa Romeo က ၎င်းတို့၏ ကားများတွင် အနီရောင်ကို ဆက်တိုက် သုံးစွဲခဲ့သည်။

ထိုအချိန်ကာလအတွင်း Enzo Ferrari အမည်ရှိ ပြိုင်ကားမောင်းသမားတစ်ဦး စတင်ပေါ်ပေါက်လာခဲ့သည်။

Enzo Ferrari သည် ၁၉၂၈ ခုနှစ်တွင် Alfa Romeo နှင့် လမ်းခွဲခဲ့ပြီးနောက် ယနေ့တိုင် ကျွန်ုပ်တို့ နှစ်သက်မြတ်နိုးလျက်ရှိသော အမှတ်တံဆိပ် Ferrari ကို တည်ထောင်ခဲ့သည်။

သူ၏ ပြိုင်ကားအသင်း ပိုမိုအောင်မြင်လာသည်နှင့်အမျှ အနီရောင်မှာလည်း Ferrari ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်လာသည်။

“ကလေးတစ်ယောက်ကို ကားတစ်စီးပုံ ဆွဲခိုင်းကြည့်လိုက်ပါ။ သူဆွဲတဲ့ကားက အနီရောင် ဖြစ်နေမှာ သေချာပါတယ်”ဟု Enzo Ferrari တချိန်က ပြောခဲ့ဖူးသည်။

၁၉၉၀ ပြည့်လွန်ကာလများအတွင်း Ferrari နှင့် အနီရောင်၏ ကျော်ကြားမှုမှာ အမြင့်မားဆုံး ဖြစ်ခဲ့ပြီး ထိုကာလအတွင်း ထုတ်လုပ်ခဲ့သော Ferrari အားလုံး၏ ၈၅ ရာခိုင်နှုန်းမှာ အနီရောင် ဖြစ်သည်။

ယနေ့ကာလတွင် ထိုကိန်းဂဏန်းပမာဏ ကျဆင်းသွားခဲ့သော်လည်း ၄၀ ရာခိုင်နှုန်းခန့် ရှိနေဆဲ ဖြစ်သည်။

 

((Ferrari ကို အနီရောင် မဟုတ်ဘဲ တခြားအရောင် ဝယ်လို့ရလား))


အနီရောင်သည် Ferrari ၏ ဂန္ထဝင်အရောင်ဖြစ်သော်လည်း ထုတ်လုပ်သောကုမ္ပဏီက အခြားအရောင်များစွာ လည်း ရွေးချယ်နိုင်မည့်အခွင့်အရေး ပေးထားသည်။

Ferrari က ထုတ်လုပ်သောအရောင် ၄၀ ကျော်ရှိပြီး ငွေရောင်၊ အနက်ရောင်တို့အပြင် သမားရိုးကျမဟုတ်သော အပြာနှင့် အဝါရောင်များလည်း ပါဝင်သည်။

အနီရောင်သည် Ferrari အတွက် အကျော်ကြားဆုံးအရောင်ဖြစ်နေသော်လည်း လူတစ်ဦးချင်းစီတွင် အရသာ နှင့် အကြိုက်တစ်မျိုးစီ ကွဲပြားနိုင်သည်ကို ကုမ္ပဏီက အသိအမှတ်ပြုထားသည်။

 

 

((Ferrari ကို ဘာကြောင့် ပန်းရောင် မထုတ်တာလဲ))

 

Ferrari သည် အနီရောင်အပြင် အခြားအရောင်များစွာ ထုတ်လုပ်သော်လည်း လုံးဝမထုတ်လုပ်သည့် အရောင် များလည်းရှိရာ ပန်းရောင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ပန်းရောင်သည် Ferrari ကဲ့သို့ high-performance ကားမျိုးအတွက် အစဉ်အလာ မရှိခဲ့ချေ။

ထုတ်လုပ်သော ကုမ္ပဏီက ၎င်းတို့၏ ကားပြိုင်ပွဲ အမွေအနှစ်နှင့် Luxury ဖြစ်မှုဆိုင်ရာ ဂုဏ်သတင်းတို့၏ ကြီးစွာ ဂုဏ်ယူလျက်ရှိပြီး အဆိုပါ အမွေအနှစ်နှင့် exclusive ဖြစ်မှုတို့ကို ဆက်လက်ထိန်းသိမ်းသွားရန် ရည်မှန်းထားသည်။

ထို့အပြင် Ferrari သည် ဆေးပိုင်း အရည်အသွေး၊ တာရှည်ခံမှုတို့နှင့် စပ်လျဉ်းပြီး တင်းကျပ်သော စံနှုန်းများ ထားရှိသည်။

သို့ဖြစ်ရာ ပန်းရောင်အပါအဝင် အချို့သော အရောင်များမှာ အဆိုပါစံနှုန်းများနှင့် မကိုက်ညီနိုင်ချေ (သို့မဟုတ်) ထိုအရောင်များသည် အချိန်ကာလကြာရှည် ထိန်းသိမ်းထားနိုင်ရန် စိန်ခေါ်မှုများ ရှိသည်။

သင့်အနေဖြင့် Ferrari တစ်စီး ဝယ်ယူပြီးနောက်ပိုင်းမှ အရောင်ကို မိမိစိတ်ကြိုက် ပန်းရောင်သို့ ပြောင်းလဲနိုင် သော်လည်း ကုမ္ပဏီဘက်ကမူ ထိုအရောင်မျိုး မထုတ်လုပ်ပါ။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The Reason Most Ferraris Are Red Is Pretty Simple   (motorbiscuit)