- ပင်မစာမျက်နှာ
- ကားသတင်းများ
- မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ လျှပ်စစ်ကားဖြင့် ကမ္ဘာ့ပထမဆုံး ခရီးရှည်မောင်းနှင်မှု အောင်မြင်စွာ ပြီးဆုံး
မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ လျှပ်စစ်ကားဖြင့် ကမ္ဘာ့ပထမဆုံး ခရီးရှည်မောင်းနှင်မှု အောင်မြင်စွာ ပြီးဆုံး
- 392 views
Nissan Ariya လျှပ်စစ်ကားဖြင့် မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ ၉ လနီးပါး မောင်းနှင်ခဲ့သည့် ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ရာ ကမ္ဘာပေါ်တွင် ဝင်ရိုးစွန်း ၂ ခုအကြား ပထမဆုံး ရောက်ရှိခဲ့သည့် ဓာတ်ငွေ့ (သို့မဟုတ်) လျှပ်စစ်ကားဖြစ်လာသည်။
မောင်းနှင်ခဲ့ကြသူများမှာ Plug in Adventures ကို တည်ထောင်သူ ခရစ်ရမ်ဆေးနှင့် ဇနီးဖြစ်သူ ဂျူလီ တို့ဖြစ်သည်။
(ခရစ် ရမ်ဆေးသည် ဗြိတိန်စွန့်စားသွားလာသူတစ်ဦးဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ပြည်သူတို့ အနေဖြင့် လျှပ်စစ်ယာဉ်များကို အသုံးပြုကြရန် လှုံ့ဆော်သည့်အနေဖြင့် လျှပ်စစ်ယာဉ်တို့၏ စွမ်းပကားကို လက်တွေ့ပြသရန် Plug in Adventures ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ရမ်ဆေးသည် ဥရောပမှ ရုရှားအထိ မောင်းနှင်ရသော Mongol Rally ကားပြိုင်ပွဲတွင် လျှပ်စစ်ကားဖြင့် ပထမဆုံး ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။ ရမ်ဆေးသည် လျှပ်စစ်ဘီးဖြင့် မိုင် ၁၈၀ ကျော် မောင်းနှင်ကာ ဂင်းနက်စံချိန်တင်ထားသူလည်း ဖြစ်သည်။)
စကော့လူမျိုးများဖြစ်သော ရမ်ဆေးတို့စုံတွဲသည် Arctic Trucks ကုမ္ပဏီ၏ အကူအညီဖြင့် Nissan Ariya လျှပ်စစ်ကားကို Modify ပြုလုပ်ခဲ့ကြသည်။
Arctic Trucks သည် အိုက်စလန်ကုမ္ပဏီတစ်ခုဖြစ်ပြီး အခက်ခဲဆုံးခရီးလမ်းကြမ်းများတွင် သွားလာမည့် ယာဉ်များကို Modify ပြုလုပ်ပေးသည့် ကုမ္ပဏီဖြစ်သည်။
ရမ်ဆေးတို့စုံတွဲသည် Nissan Ariya ဖြင့် ယခုနှစ်မတ်လတွင် မြောက်ဝင်ရိုးစွန်းမှ ခရီးစတင်ခဲ့ကြသည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ အာတိတ်ဒေသ သုတေသနနှင့် စူးစမ်းလေ့လာရေးများတွင် လက်ရှိအသုံးပြု နေသော ဒီဇယ်ယာဉ်များအစား လျှပ်စစ်ကားများကို အစားထိုးနိုင်ရေး နမူနာ သက်သေပြကြခြင်းဖြစ်သည်။
Modify ပြုလုပ်ရာတွင် အကြီးမားဆုံး ပြောင်းလဲမှုမှာ ၃၉ လက်မ တာယာများ ဖြစ်သည်။
Arctic Trucks က Modify ပြုလုပ်ပေးလိုက်သောကားကို AT39 ဟု အမည်ပေးထားခဲ့သည်။
ရမ်ဆေးတို့စုံတွဲကမူ ၎င်းတို့၏ ကားကို Sonrisa ဟု အမည်ပေးခဲ့ပြီး စပိန်ဘာသာအရ အပြုံးဟု အဓိပ္ပာယ်ရသည်။
ရမ်ဆေးတို့စုံတွဲသည် ယခုဒီဇင်ဘာလအတွင်း တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ရာ မိုင်ပေါင်း ၁၇၀၀၀ ခရီးသွားခဲ့ရပြီး အချိန် ၉ လခန့်ကြာမြင့်ခဲ့သည်။
ရမ်ဆေးတို့စုံတွဲက ဝင်ရိုးစွန်းဒေသများတွင် ကားရပ်နားစဉ်အတွင်း ကားကို အားသွင်းရန်အတွက် လေအား လျှပ်စစ် စက်ငယ်တစ်ခုကို နောက်တွဲယာဉ်တစ်ခုဖြင့်သယ်ယူရန် စီစဉ်ခဲ့သည်။
သို့သော် အာတိတ်ဒေသ၏ လမ်းများပေါ်တွင် နောက်တွဲယာဉ်မှာ အလုပ်မဖြစ်ချေ။
အန္တာတိတ်ဒေသတွင်ကား ရမ်ဆေးတို့စုံတွဲက ညအခါတွင် ကားကိုအားသွင်းရန် ဆိုလာပြားများအား အသုံးပြုသည်။
(ဝင်ရိုးစွန်းဒေသတွင် နေရောင်ခြည်ကို အမြဲတမ်းရရှိရာ တစ်နေ့တာ၏ မည်သည့်အချိန်တွင်မဆို ဆိုလာပြားဖြင့် အားသွင်းနိုင်သည်။)
ရာသီဥတု မကောင်းမွန်သောအခါများတွင်မူ မီးစက်များကို အသုံးပြုသည်။
ရာသီဥတု အလွန်အေးသောနေရာများတွင် လျှပ်စစ်ကားများအတွက် စိန်ခေါ်မှုများ ရှိသည်ဟူသော သတင်း များရှိသော်လည်း ရမ်ဆေးတို့၏ ကားမှာ အနှုတ် ၃၀ ဒီဂရီ (သို့မဟုတ်) ထို့ထက်အေးခဲသည့် အခြေအနေမျိုး တွင် ကောင်းစွာ မောင်းနှင်နိုင်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The first-ever drive from North to South pole is complete – and it was all-electric (electrek)