EV ကား အစီး (၃၀) ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းသို့ ရောက်ရှိ

  • 130 views


တရုတ်နိုင်ငံထုတ် EV ကား အစီးရေ (၃၀) ဟာ ပြည်တွင်းကိုရောက်ရှိလာတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိစစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ (၁၅) ရက်နေ့က သက်ဆိုင်ရာတင်သွင်းလာတဲ့ ကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ 

တရုတ်နိုင်ငံထုတ် DOUNGFENG NISSAN ARIYA ၊ 2022 Mdl (၁၀) စီးနဲ့ တရုတ်နိုင်ငံထုတ် HONDA ENS1 2023 Mdl (၂၀) စီး ရန်ကုန်ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းကို ရောက်ရှိလာလို့ ထုတ်ယူခွင့်ပြုခဲ့တာဖြစ်တယ်လို့ အကောက်ခွန် ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်တွင်း EV ကဏ္ဍကို Pilot Projet အဖြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေတာ တစ်နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ Pilot Projet အဖြစ် တစ်နှစ်ကို EV မော်တော်ယာဉ် အစီးရေ (၃၀၀၀၀) ဝန်းကျင် တင်သွင်းဖို့လျာထားပေမယ့် အခုနှစ် (၁၁) လပိုင်း စာရင်းတွေအရ EV လူစီးမော်တော်ယာဉ်အစီးရေ (၁၅၀၀)ကျော်သာ တင်သွင်းနိုင်သေးတာ ဖြစ်ပါတယ်။

ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနရဲ့ အခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းတွေအရ EV လူစီးမော်တော်ယာဉ် (၁၅၅၅)စီး၊ ကုန်တင်ယာဉ်(ဝန်ပေါ့) (၂)စီး၊ EV ဆိုင်ကယ် (၂၃၀၀)ကျော်နဲ့  EV သုံးဘီးယာဉ် (၂၂၀) ကျော်တို့ကို မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com