အသစ်တည်ဆောက်နေသည့် သန်လျင်တံတား အမှတ် ၃) (၉၄)ရာခိုင်းနှုန်းပြီးစီးနေပြီ

  • 123 views

သန်လျင်အမှတ် (၁) တံတားယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းဖို့ အသစ်တည်ဆောက်နေတဲ့ သန်လျင်တံတားအမှတ်(၃) ဟာ (၉၄ )ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ သန်လျင်မြို့နေပြည်သူများ ရန်ကုန်မြို့ဘက်ခြမ်းကိုသွားလာတဲ့နေရာမှာ သန်လျင်တံတားအမှတ် (၁) မှာ နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတဲ့အတွက် အခုတည်ဆောက်နေတဲ့ အမှတ် (၃) တံတားကို (၂၀၁၃) ခုနှစ်ကတည်းစတင်ပြီး စီမံကိန်းလုပ်ငန်းအဆင့်ဆင့်စတင်ခဲ့တာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

(ပဲခူးမြစ်ကူးတံတား)  သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းတည်ဆောက်နေတာ ဖြစ်ပါတယ်။ (ပဲခူးမြစ်ကူးတံတား) သန်လျင်တံတားအမှတ် (၃) တံတားပြီးစီးသွားရင် သီလဝါအထူးစီးပွားရေးဇုန်အတွက် အကျိုးဖြစ်ထွန်းမှာဖြစ်ပြီး အရှေ့-အနောက် စီးပွားစင်္ကြံလမ်းကို အသုံးပြုပြီး ရန်ကုန်-ဘားအံ-မြဝတီအထိ ကုန်သွယ်နိုင်မှာဖြစ်ပါတယ်။

တံတားအရှည်အနေနဲ့ မြစ်ကူးတံတားပိုင်း (၆၆၆၃) ပေ ၊ ကုန်းကျော်တံတားအပိုင်း (၁၉၇၅) ပေ ၊ စုစုပေါင်း (၈၆၃၈) ပေရှိပါတယ်။ တံတားအကျယ် (၇၅) ပေ (၄) လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်ကို ဆိုင်ကယ်စီးလမ်း(၅) ပေစီ ပါဝင်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီးတော့ တံတားရဲ့ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းစီ (၇၅) တန်ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com