- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် မင်္ဂလာဆောင်တစ်ခု၌ သတို့သား၏ Porsche ကားဘီးကို သော့ခလောက် အလုံး ၄၀ ခတ်ကာ စီးကရက်ဘူးများတောင်းခံ
တရုတ်ပြည်တွင် မင်္ဂလာဆောင်တစ်ခု၌ သတို့သား၏ Porsche ကားဘီးကို သော့ခလောက် အလုံး ၄၀ ခတ်ကာ စီးကရက်ဘူးများတောင်းခံ
- 198 views
တရုတ်ပြည်တွင် မင်္ဂလာဆောင်အခမ်းအနား၌ သတို့သမီးအား ခေါ်ဆောင်ကြပုံနှင့် စပ်လျဉ်းသည့် ရိုးရာဓလေ့တစ်ခုအကြောင်း လူမှုကွန်ရက်တွင် ပေါ်ပေါက်လာသည်။
တန်ဖိုးကြီးကားတစ်စင်းကို သော့ခလောက်ပေါင်းများစွာဖြင့် ခတ်ထားပြီး စီးကရက် ကာတွန်ဘူးများစွာ လက်ဆောင်ပေးမှ သော့ဖွင့်ပေးသည်ကို တွေ့ရသည်။
တရုတ်ပြည်အရှေ့ပိုင်း ကျန်းစူးပြည်နယ်၊ နန်ထုံးမြို့တွင် နေထိုင်သူတစ်ဦးက အွန်လိုင်းတွင် ဗွီဒီယိုဖိုင်တစ်ခု တင်ခဲ့သောကြောင့် ဆန်းပြားသော ဓလေ့ထုံးတမ်းအကြောင်း သိရှိလာကြရသည်။
ဗွီဒီယိုတွင် တွေ့မြင်ရမှုအရ အနက်ရောင် Porsche ကားတွင် မင်္ဂလာဆောင်ပန်းများ အလှဆင်ထားခြင်းအပြင် ကားတာယာတွင် သော့ခလောက်အလုံး ၄၀ ခတ်ထားသည်ကို တွေ့ရသည်။
မင်္ဂလာဆောင်သည့်စုံတွဲ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက သော့များခတ်ထားခြင်းဖြစ်ပြီး သော့ ၂ လုံး ဖွင့်ပေးရန်အတွက် စီးကရက်တစ်တောင့် ပေးရမည်ဟု တောင်းဆိုခဲ့ကြသည်။
တရုတ်ရိုးရာ မင်္ဂလာဆောင်များတွင် သတို့သမီးအား ခေါ်ယူခြင်းမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။
သတို့သားသည် ဂိမ်းကစားမှုများတွင် ပါဝင်ရခြင်း ၊ ရိုးရာကိုးကွယ်မှုဓလေ့များနှင့် စိန်ခေါ်မှုများ ဖြတ်ကျော်ရခြင်း အစရှိသည်တို့ ပါဝင်လေ့ရှိပြီး သူ၏သတို့သမီးအပေါ် ချစ်ခင်စုံမက်မှုကို ရည်ညွှန်းသည်။
သတို့သားအနေဖြင့် ငွေသားထည့်ထားသော စာအိတ်အနီများ ၊ အချိုမုန့်များ ၊ စီးကရက်များနှင့် အခြားသော လက်ဆောင်များ ပေးရသည့်ဓလေ့ရှိပြီး သူ၏ ပျော်ရွှင်မှုကို မျှဝေရန်နှင့် ဧည့်သည်တော်များအတွက် ကံကြမ္မာ ကောင်းများ ဆောင်ကြဉ်းပေးရန် ရည်စူးခြင်း ဖြစ်သည်။
(သတို့သား၏ Porsche ပြိုင်ကားဘီးများတွင် သော့ပေါင်းများစွာ ခတ်ထားခြင်းမှာ ရိုးရာဓလေ့အား ဆန်းသစ် ထားမှု တစ်ခု ဖြစ်သည်။ ဓာတ်ပုံ-Douyin)
ထိုမြင်ကွင်းကို တွေ့ခဲ့ကြသည့် အချို့သူများကမူ နားမလည်နိုင်စွာ ကြည့်ရှုခဲ့ကြပြီး အွန်လိုင်းသုံးစွဲသူတို့ ကလည်း များစွာစိတ်ဝင်စားခဲ့ကြသည်။
တရုတ်ပြည်တွင်းရှိ မင်္ဂလာဆောင်နှင့် ပတ်သက်ပြီး နှံ့စပ်သူတို့က ပြောသည်မှာ အဆိုပါ အလေ့အထမှာ ပြည်တွင်းတွင် ကာလကြာရှည်ရှိခဲ့သော ဓလေ့ဖြစ်ကြောင်း ပြောသည်။
“ယနေ့ကာလမှာ ဒီလိုသော့ခတ်တာတွေဟာ အပျော်သက်သက်နဲ့ အခမ်းအနားအထိမ်းအမှတ်သဘော လုပ်ဆောင်ကြတာ ဖြစ်ပြီး စီးကရက်တွေ တကယ်ရဖို့ မရည်ရွယ်ကြပါဘူး။ အများအားဖြင့် သတို့သားက စီးကရက်ဘူးအနည်းငယ် ပေးလေ့ရှိကြပါတယ်”ဟု ထိုပြည်နယ်အတွင်းရှိ မင်္ဂလာအခမ်းအနားစီစဉ်သူတစ်ဦးက ပြောသည်။
ခရိုင်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်မှာ အဆိုပါဓလေ့မှာ အပျော်သဘောသာဖြစ်ပြီး စီးကရက်များ မရဘဲ သော့များကို ချက်ချင်းဖွင့်ပေးကြကြောင်း ပြောသည်။
သို့သော် ထိုအရာရှိက သတိပေးမှုတစ်ခု ပြောကြားခဲ့သည်။
“ဓလေ့ထုံးတမ်းတွေ ရိုးရာတွေမှာ လမ်းညွှန်ကြီးကြပ်မှု လိုအပ်ပါတယ်။ တကယ်လို့ မင်္ဂလာဆောင်ကားက ထွက်လို့မရရင် ဒီအခြေအနေကို ရဲတပ်ဖွဲ့ဆီ တိုင်ကြားလို့ ရပါတယ်”ဟု ၎င်းက ပြောသည်။
ထိုအဖြစ်အပျက်အပေါ် အွန်လိုင်းတွင် ဝေဖန်ဆွေးနွေးမှု များစွာ ရှိခဲ့သည်။
တစ်ဦးက မှတ်ချက်ပြုသည်မှာ “နေရာတိုင်းမှာ ရိုးရာဓလေ့ထုံးတမ်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးပါတယ်”ဟု ဆိုသည်။
အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “ကာလကြာရှည်ရှိခဲ့တဲ့ ဓလေ့တဲ့လား။ ပြီးခဲ့တဲ့ နှစ် ၁၀၀ လောက်က ကားတွေပေါ်သေးလို့လား”ဟု ပြောသည်။
ဤဓလေ့တို့မှာ အပျော်သဘောသာ ဖြစ်သော်လည်း အချို့နေရာများတွင် အမြတ်ထုတ် ငွေကြေးတောင်းခံမှုများ ရှိသည်။
ယခုနှစ်စက်တင်ဘာလအတွင်းက တရုတ်ပြည်မြောက်ပ်ိုင်း ဟာဗင်းပြည်နယ်တွင် အမျိုးသားတစ်ဦးသည် ဟိုတယ်တစ်ခု၏ ဝင်ပေါက်နေရာတွင် မင်္ဂလာဆောင်ကားတစ်စီးကို တားဆီးကာ ကားရှေ့တွင် ဒူးထောက်ပြီး ငွေကြေးတောင်းခံခဲ့သည်။
ယွမ်ငွေ ၂၀၀ (၂၈ ဒေါ်လာ) ရမှသာ ဖယ်ပေးခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Give Money Or No Wife: China's Controversial Wedding Tradition Goes Viral (ndtv)