- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla မှ နောက်ဆုံးထုတ်လုပ်လိုက်သော Cybertruck တွင် တံခါးလက်ကိုင်မပါသောကြောင့် ကားဝယ်ယူသူ တို့အား Elon Musk ကိုယ်တိုင် တံခါးဖွင့်ပြခဲ့ရ
Tesla မှ နောက်ဆုံးထုတ်လုပ်လိုက်သော Cybertruck တွင် တံခါးလက်ကိုင်မပါသောကြောင့် ကားဝယ်ယူသူ တို့အား Elon Musk ကိုယ်တိုင် တံခါးဖွင့်ပြခဲ့ရ
- 253 views
Tesla ထုတ် ကားအချို့တွင် တံခါးလက်ကိုင်ပြဿနာများရှိပြီး Cybertruck တွင် ပိုမိုအခြေအနေဆိုးဟန် ရှိသည်။
ကာလကြာရှည်ကြော်ငြာထားခဲ့ကာ အနာဂတ်ဆန်သော ထရပ်ကားတွင် သမားရိုးကျတံခါးလက်ကိုင်များ မပါရာ ပြီးခဲ့သော ရက်သတ္တပတ်က Tesla က Cybertruck ၁၂ စင်းအား ဝယ်ယူသူများထံ ပထမဆုံး ပေးအပ် သည့် အခမ်းအနား၌ စီအီးအိုဖြစ်သူ Elon Musk က တံခါးမဖွင့်တတ်သော ကားဝယ်ယူထားသူများကို ကိုယ်တိုင် တံခါးဖွင့်ပေးခဲ့ရသည်။
Cybertruck တွင် တံခါးလက်ကိုင်မပါကြောင်း Elon Musk က လွန်ခဲ့သော ၂ နှစ်ခန့်က နောက်ပြောင်ခဲ့ဖူးသည်။
Elon Musk ၏ ထိုကားအတွက် အစောပိုင်း စိတ်ကူးစိတ်သန်းတွင် ဘေးမှန်များလည်း မပါဝင်ခဲ့။
သို့သော် မော်တော်ယာဉ် လုပ်ထုံးလုပ်နည်း စည်းကမ်းများကြောင့် Tesla က ဘေးမှန်များ ထည့်ပေးခဲ့ရခြင်း ဖြစ်သည်။
Cybertruck တွင် သမားရိုးကျလက်ကိုင်အစား ယာဉ်၏ B-Pillar ဟုခေါ်သော အပိုင်းမှ ပြတင်းမှန်ထောင့်တွင် ခလုတ်ငယ်တစ်ခုရှိသည်။
အဆိုပါ ခလုတ်ကိုနှိပ်လိုက်လျှင် တံခါး ၂ လက်မခန့် ပွင့်လာမည် ဖြစ်သည်။
ထိုအခါ လူဝင်ရန်အတွက် တံခါးကိုကိုင်ကာ ဆွဲဖွင့်နိုင်သည်။
Cybertruck များ ပထမဆုံးစတင်ပေးအပ်သည့် အခမ်းအနားတွင် ကားဝယ်ယူထားသူ အချို့သည် ကားတံခါး မဖွင့်တတ်သောကြောင့် အခက်တွေ့ခဲ့သည်ကို တွေ့ရသည်။
“ဒီခလုတ်ကလေးကို နှိပ်လိုက်ရုံပါပဲ”ဟု Elon Musk က ထိုအခမ်းအနားတွင် ကားဝယ်ယူထားသူတစ်ဦးအား ပြောကြားခဲ့သည်။
YouTube တွင် နည်းပညာဆိုင်ရာ အကြောင်းအရာများ လွှင့်တင်နေသူ Marques Brownlee က ပြောသည်မှာ ရေခဲနေသော ရာသီဥတုအခြေအနေမျိုးတွင် ထိုခလုတ်ကိုနှိပ်ရန် ခက်ခဲနိုင်ကြောင်း ပြောသည်။
“Tesla က ကျွန်တော့်ကို ပြောတာက ရေခဲထု ၁ လက်မလောက်တက်နေတယ်ဆိုရင် ခလုတ်နေရာက ရေခဲကို ခွာထုတ်ပြီး ခလုတ်နှိပ်လိုက်မယ်ဆိုရင် တံခါးကို ဖုံးထားတဲ့ ရေခဲတွေ ကွာကျသွားအောင် ပွင့်လာနိုင်တဲ့အား ရှိတယ်လို့ ပြောပါတယ်”ဟု Brownlee က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း YouTube တွင် Cybertruck အား Review လုပ်ပေးထားသည့် ဗွီဒီယိုတွင် ပြောပြသည်။
Cybertruck ၏ အစောပိုင်း Prototype များတွင်မူ ကားဘေးဖက်၌ Model S တို့ကဲ့သို့ အပြင်သို့ ထွက်လာ သော တံခါးလက်ကိုင်များ ပါခဲ့ဟန်ရသည်။
သို့သော် Elon Musk က Cybertruck တွင် တံခါးလက်ကိုင်ပါမည် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ်အတွင်း ကြေညာခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The Cybertruck's lack of door handles confused its first buyers — leading Elon Musk to show them how to open the truck (businessinsider)