၁၉၆၉ ခုနှစ်တွင် ခိုးယူခံခဲ့ရပြီး ၃၇ နှစ်ကြာမှ ပြန်လည်တွေ့ရှိခဲ့သော ၁၉၆၈ ထုတ် Corvette တစ်စင်း၏ စိတ်ဝင်စားဖွယ်ဇာတ်လမ်း

  • 258 views

 

၁၉၆၈ ခုနှစ်သည် Corvette ၏ တတိယမျိုးဆက် ထွက်ရှိခဲ့သော ခုနှစ်ဖြစ်သည်။

အဆိုပါမော်ဒယ်သည် ၁၉၈၂ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး Corvette ၏ Series ၈ ခုအနက် ကြာရှည်ဆုံး ထုတ်လုပ်ခဲ့သော မော်ဒယ်ဖြစ်သည်။

၁၉၆၀ ပြည့်လွန်ကာလများသည် နယူးယောက်မှ ကားပိုင်ရှင်များအနေဖြင့် သော့ခတ်ထားနိုင်မည့်ဂိုဒေါင် (သို့မဟုတ်) ကားခိုးသူများ အလွန်သောင်းကျန်းသည်ဟု နာမည်ကြီးသောဒေသများမှ ဝေးရာတွင် မနေထိုင် နိုင်ပါက Corvette အသစ် တစ်စီး ပိုင်ဆိုင်ရန် အချိန်ကောင်းမဟုတ်ခဲ့။

နယူးယောက်သည် အမေရိကတွင် မော်တော်ကားတစ်စီးပိုင်ဆိုင်ရန် လုံခြုံသောနေရာတစ်ခု မဟုတ်ခဲ့။

 

 

ထိုနှစ်အတွင်း နယူးယောက်တွင် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကားစင်းရေ ၂၁၅ စင်းခန့် ခိုးယူခံခဲ့ရသည်။

တစ်နှစ်တာကာလဆိုလျှင် အစင်းရေ ၇၈,၀၀၀ ခန့် ခိုးယူခံရခြင်းလည်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် ကားခိုးယူခံရသူများစွာ လာရောက်တိုင်တန်းကြသောကြောင့် စာရွက်စာတမ်းကိစ္စများ တောင်ပုံရာပုံ လုပ်ကြရသည်။

ထိုနှစ်က ဇန်နဝါရီလ ၂၂ ရက်အထိ ကားအစင်းရေ ၆၆၂၀ ခိုးယူခံထားရပြီးဖြစ်သည်။

ထိုနေ့တွင် အလန် ပို့စ်တာအမည်ရှိ အသက် ၂၇ နှစ်အရွယ် လူရွယ်တစ်ဦးမှာ သူ၏ ၁၉၆၈ ခုနှစ်ထုတ် Convertible Corvette ကား ပျောက်ဆုံးမှုကို တိုင်တန်းရန် အခြားကားပျောက်တိုင်တန်းမည့်သူများနှင့်အတူ တန်းစီစောင့်ဆိုင်းခဲ့သည်။

 

 

အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးအဖွဲ့ လက်အောက်ခံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) က ၂၀၀၅ ခုနှစ်အတွင်း ပုံမှန်စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့မှုမှတဆင့် တချိန်က ခိုးယူခံရသော ကားတစ်စင်းအကြောင်း ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ဆွီဒင်နိုင်ငံသို့သွားမည့် သင်္ဘောကွန်တိန်နာတစ်ခုအတွင်း တချိန်က အလန် ပို့စ်တာ ပိုင်ဆိုင်ခဲ့သော ၁၉၆၈ ခုနှစ်ထုတ် Corvette ကား ပါဝင်လာခဲ့သည်။

သို့သော် ထိုအချိန်က အမေရိကန် National Insurance Crime Bureau ၏ Database တွင် ထိုကားပိုင်ရှင်၏ အမည်၊ လိပ်စာ (သို့မဟုတ်) အခြားအချက်အလက်များ မှတ်တမ်းမရှိခဲ့။

၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် အကောက်ခွန်ဌာနက ဤအမှုကို နယူးယောက်ပြည်နယ်၊ Queens ခရိုင် ရှိ စုံထောက် ၂ ဦးလက်သို့ လွှဲပြောင်းအပ်နှံခဲ့သည်။

 

 

စုံထောက် ၂ ဦးသည် မိုက္ကရိုဖလင်မော်ကွန်းအခန်းအတွင်း မှတ်တမ်းများကို ၄ ရက်ခန့် အချိန်ယူလေ့လာ ခဲ့ကြ သည်။

CBP က သတ်မှတ်ပေးထားသည့် နောက်ဆုံးရက်မှာ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ဖြစ်ပြီး ထိုရက်အထိ ပိုင်ရှင်ကို မဖော်ထုတ်နိုင်ပါက မော်တော်ကားမှာ စကင်ဒီနေးဗီးယာသို့ တင်ပို့ ခံရတော့မည် ဖြစ်သည်။

ဒီဇင်ဘာလ ၂၃ ရက်သို့ ရောက်သောအခါ နယူးယောက်ရဲတပ်ဖွဲ့က ထိုအမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ပိုင်ရှင်မည်သူ ဖြစ်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသို့ ဖော်ထုတ်နိုင်ရန် မှတ်တမ်းပေါင်း ၅၀၀ နှင့် ဖိုင်ပေါင်း ၂၀၀၀၀ ကို ရှာဖွေခဲ့ရသည်။

ဇာတ်လမ်းမှာ မဆုံးသေး။

အလန်ပို့စ်တာမှာ ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြောင်းရွှေ့သွားခဲ့သည်။

 

သို့သော် ၎င်းနေထိုင်ရာကို ရှာဖွေရန်မှာ ကားပိုင်ရှင်ရှာရခြင်းထက် များစွာလွယ်ကူသွားခဲ့ပြီ ဖြစ်သည်။

တစ်နေ့တွင် အလန်ပို့စ်တာ၏ တယ်လီဖုန်း ဖုန်းခေါ်သံမြည်လာသည်။
အလန်ပို့စ်တာထံ ဖုန်းခေါ်သူမှာ စုံထောက် ၂ ဦးအနက်မှ တစ်ဦးဖြစ်သည်။

“၁၉၆၉ ခုနှစ်တုန်းက ကားတစ်စီး အခိုးခံခဲ့ရဖူးပါသလားခင်ဗျ”
“Corvette လား”

“ဘာအရောင်လဲဗျ”

“အပြာရောင်ပါ” ဟု မစ္စတာ ပို့စ်တာက ဖြေခဲ့သည်။

“ကျွန်တော်တို့ လူကြီးမင်းရဲ့ ကားကို ပြန်ပြီး ရှာတွေ့ထားပါတယ်”

ကနဦးတွင် အလန်ပို့စ်တာက မယုံ။ တစုံတဦးက နောက်ပြောင်ကျီစယ်နေသည်ဟု ထင်ခဲ့သည်။

ရဲအရာရှိတို့က အလန်ပို့စ်တာ ယုံကြည်ရန် အတော်ကြိုးစားခဲ့ရသည်ဟု ဆိုသည်။

 

 

၃၇ နှစ်ဟူသော အချိန်ကာလကုန်ဆုံးခဲ့ပြီးနောက်ပိုင်း ပို့စ်တာချစ်မြတ်နိုးသော Corvette မှာ ပိုင်ရှင်ထံ ပြန်ရောက်လာခဲ့သည်။

ပို့စ်တာက ကား၏ ဆေးပိုင်းနှင့် စက်ပိုင်းကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) ခန့်သာ စီးနင်းခဲ့သည်။

အာဏာပိုင်တို့က Corvette ကို ပြန်လည်ရှာဖွေတွေ့ရှိချိန်တွင် ကားမှာ ကီလို ၉၇၀၀၀ ကျော် ရှိထားပြီ ဖြစ်သည်။

နောင် ၁၇ နှစ်အကြာ ယခုအခါ အသက် ၈၀ ကျော်ပြီဖြစ်သော အလန်ပို့စ်တာသည် သူ၏ Corvette နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီး အရောင်းတင်ခဲ့ရာ ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ရောင်းထွက်သွားခဲ့သည်။

ပျောက်ဆုံးနေသည့် ၃၇ နှစ်တာအတွင်း မည်သည့်နေရာသို့ ရောက်ရှိခဲ့သည်ကို မသိရချေ။

ရဲတပ်ဖွဲ့က လက်လှမ်းမီသမျှ စုံစမ်းခဲ့သော်လည်း ခိုးယူသွားသူကို မဖော်ထုတ်နိုင်ခဲ့။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Recovered 37 Years After It Was Stolen in 1969, This '68 Corvette Hides a Real Mystery  (autoevolution)