• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်တွင် ကားမောင်းရင်း ဖုန်းအသုံးပြုခြင်း ပိတ်ပင်ထားသည်မှာ နှစ် ၂၀ ရှိပြီဖြစ်သော်လည်း ကားမောင်းရင်း ဖုန်းသုံးသူများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်

ဗြိတိန်တွင် ကားမောင်းရင်း ဖုန်းအသုံးပြုခြင်း ပိတ်ပင်ထားသည်မှာ နှစ် ၂၀ ရှိပြီဖြစ်သော်လည်း ကားမောင်းရင်း ဖုန်းသုံးသူများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်

  • 82 views

 

ဗြိတိန်တွင် ကားမောင်းရင်း မိုဘိုင်းဖုန်း အသုံးပြုခြင်းအား ပိတ်ပင်ထားသည်မှာ ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်တွင် နှစ် ၂၀ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။

ထိုသို့ နှစ် ၂၀ ကုန်ဆုံးခဲ့ပြီး မကြာသေးမီကာလအတွင်း ကားမောင်းရင်း လျှပ်စစ်ပစ္စည်းတစ်ခုခု ကိုင်တွယ်ခြင်း များကို ပြစ်ဒဏ်များ တိုးမြှင့်လာသော်လည်း ယာဉ်မောင်း ၁၀ ဦးလျှင် ၉ ဦးက ၎င်းတို့အနေဖြင့် ကားမောင်းရင်း ဖုန်းပြောသူများကို နေ့စဉ်နီးပါး မြင်တွေ့နေရဆဲဖြစ်ကြောင်း ပြောကြသည်။

အင်္ဂလန် မော်တော်ကားအသင်းဝင် ၁၂၀၀၀ ကျော်ကို ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ပါဝင်ဖြေဆိုသူ ၉၃ ရာခိုင်နှုန်းခန့်က ၎င်းတို့အနေဖြင့် ကားမောင်းရင်း ဖုန်းအသုံးပြုသူများကို မကြာခဏတွေ့ရကြောင်း ဖြေကြား ကြသည်။

ပါဝင်ဖြေဆိုသူ ၈ ရာခိုင်နှုန်းခန့်ကသာ ၎င်းတို့အနေဖြင့် ကားမောင်းရင်း ဖုန်းကို အသုံးပြုခဲ့ကြကြောင်း ဝန်ခံကြသည်။

အသက် ၃၅ မှ ၄၄ နှစ်အကြား ရှိသူများတွင်မူ ဝန်ခံသူ ပမာဏ ၁၄ ရာခိုင်နှုန်းခန့်ရှိသည်။

 

 

(ကားမောင်းရင်း ဖုန်းပြောခြင်းအား အင်္ဂလန်တွင် တားမြစ်ခဲ့သည်မှာ နှစ် ၂၀ တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။)

 

 

အင်္ဂလန်တွင် ယာဉ်မောင်းရင်း လက်ကိုင်ဖုန်း အသုံးပြုမှု တားမြစ်သည့် ဥပဒေကို ၂၀၀၃ ခုနှစ် ၊ ဒီဇင်ဘာ ၁ ရက်တွင် စတင်ပြဌာန်းခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ပြစ်ဒဏ်ပိုမိုတိုးမြင့်ခဲ့ပြီး ယခုအခါ မလိုက်နာသူများအနေဖြင့် ယာဉ်မောင်းလိုင်စင်တွင် ပြစ်ဒဏ် အမှတ် ၆ မှတ်အပြင် ပေါင် ၂၀၀ ဒဏ်ကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ တစ်ဝက်နီးပါး (၄၉ ရာခိုင်နှုန်း) က ပြောသည်မှာ ကျူးလွန်သူများအား ဖမ်းမိရန် ခက်ခဲသည်ဟု ယူဆကြောင်း ပြောကြသည်။

ယခင်က ထုတ်ခဲ့သော ဥပဒေတွင် ဟာကွက်တစ်ခုရှိနေခဲ့ပြီး ဓာတ်ပုံရိုက်ခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့သော်လည်း ပြီးခဲ့သောနှစ် မတ်လက ထုတ်ပြန်သည့် ဥပဒေသစ်တွင် ထိုဟာကွက်ကို ပိတ်ဆို့ခဲ့သည်။

နှစ်စဉ်နှစ်တိုင်း လမ်းများပေါ်တွင် ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများ၏ ကြီးမားသော အကြောင်းရင်းမှာ ကားမောင်းရင်း ဖုန်းအသုံးပြုမှုကြောင့် ဖြစ်နေဆဲ ဖြစ်သည်။

ပို့ဆောင်ရေးဌာနက ထုတ်ပြန်ခဲ့သော နောက်ဆုံးအချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း ဗြိတိန်လမ်းများ ပေါ်တွင် ယာဉ်တိုက်မှုများကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၁၄၈ ဦး ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာတွင် အကြောင်းရင်းမှာ ယာဉ်မောင်းက ဖုန်းအသုံးပြုခဲ့သောကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Nine in ten drivers still witness others using a phone at the wheel... exactly 20 years after laws made it illegal   (dailymail)