Elon Musk က Tesla ကို Apple ကုမ္ပဏီထံ ရောင်းချရန် ကြိုးစားခဲ့ဖူး၊ Apple ၏ စီအီးအို Tim Cook က လက်ခံတွေ့ဆုံခြင်းပင် မပြုခဲ့

  • 104 views

 

Tesla Inc. သည် Apple Inc. ၏ အစိတ်အပိုင်းတစ်ခုဖြစ်မည့် အခြေအနေတစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသော်လည်း အဆိုပါကုမ္ပဏီတို့၏ စီအီးအိုများဖြစ်သော Elon Musk နှင့် Tim Cook တို့ တွေ့ဆုံဖြစ်ခြင်းမရှိသောကြောင့် ထိုအခြေအနေဖြစ်ပေါ်လာနိုင်ခြင်း မရှိခဲ့။

လွန်ခဲ့သောနှစ်အနည်းငယ်က Tesla ၏ အခက်ခဲဆုံးကာလများတွင် Elon Musk သည် Tesla ကို ရောင်းချရန် Apple နှင့် ဆက်သွယ်ခဲ့ဖူးကြောင်း ၂၀၂၀ ပြည့်နှစ်အတွင်း Elon Musk က တွစ်တာတွင် တင်ခဲ့သော ပို့စ်တစ်ခု တွင် ဖော်ပြထားသည်ဟု CNBC သတင်းဌာနက ရေးသားသည်။
အဆိုပါခြေလှမ်းသည် ကုမ္ပဏီ ၂ ခုလုံး၏ လမ်းကြောင်းများကို ပြောင်းလဲသွားစေမည့်ခြေလှမ်းတစ်ခု ဖြစ်ခဲ့ သည်။

ထိုကာလက Tesla သည် Model 3 ကို စတင်ထုတ်လုပ်နေချိန်ကာလဖြစ်ပြီး ဘဏ္ဍာရေးနှင့် ထုတ်လုပ်မှုပိုင်း တို့တွင် အခက်အခဲများ ရင်ဆိုင်နေရချိန်ဖြစ်သည်။

ထိုကာလများသည် အမှောင်မိုက်ဆုံးကာလများဖြစ်ကြောင်း Elon Musk က ပြောသည်။

အမှောင်မိုက်ဆုံးကာလများအတွင်း Tesla ကို ရောင်းချရေးအတွက် Apple ၏ စီအီးအို Tim Cook နှင့် တွေ့ဆုံ ရန် Elon Musk က ကြိုးစားခဲ့သည်။

သို့သော် Tim Cook က တွေ့ဆုံရန် ငြင်းပယ်ခဲ့ကြောင်း Elon Musk ၏ တွစ်တာပို့စ်တွင် ဖော်ပြသည်။

Tesla ၏ ယနေ့ ဈေးကွက်ထိပ်ဆုံးတွင် ရပ်တည်မှုအနေအထားနှင့် ကားလောကတစ်ခုလုံးကို တော်လှန် ပြောင်းလဲပစ်လိုက်သည့် အခြေအနေများကို ထောက်ဆကာ ပြန်ပြောင်းရှုမျှော်ကြည့်မည်ဆိုပါက အဆိုပါ ငြင်းပယ်ခဲ့မှုမှာ အလွန်အရေးကြီးသည့် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့သည်။

ယင်းနောက် လအတန်ကြာတွင် Tim Cook က ထိုဖြစ်ရပ်နှင့် ပတ်သက်သည့် သူ၏ မှတ်ချက်ကို ထုတ်ပြော လာသည်။

India Times တွင် ဖော်ပြချက်အရ “ကျွန်တော် Elon Musk နဲ့ စကားမပြောခဲ့ဖူးပါဘူး။ ဖြတ်သန်းခဲ့တဲ့ နှစ်ကာလတွေမှာ ကျွန်တော်တို့ ဝယ်ယူခဲ့ဖွယ်ရှိတဲ့ ကုမ္ပဏီတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ ရောက်နေတဲ့နေရာက တကယ်ကောင်းတယ်လို့ ကျွန်တော်ခံစားရပါတယ်”ဟု Tim Cook က ပြောသည်ဟု ဆိုသည်။

Tim Cook ၏ မှတ်ချက်က ၎င်းအနေဖြင့် ထိုအဖြစ်အပျက်ကို မှတ်မိခြင်းပင်မရှိခြင်း (သို့မဟုတ်) Elon Musk ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းတို့ကို ဖော်ပြမထားချေ။
“အဲဒီလိုမျိုး ဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျွန်တော်မမှတ်မိပါဘူး။ ဒါပေမယ့် သူက အဲဒီလိုလုပ်ခဲ့တယ်လို့ ပြောတယ် ဆိုတော့ အဲဒါမှန်မယ်လို့ ကျွန်တော်ယူဆပါတယ်”ဟု Tim Cook က ပြောသည်။

Elon Musk အတွက် Tesla အခက်ကြုံနေချိန်တွင် ကယ်တင်မည့်သူ ရှာဖွေခြင်းဖြစ်ပြီး Apple နှင့် Tim Cook အတွက်မူ ထိုအခြေအနေမှာ ရွေးချယ်ရမည့် လမ်းဆုံတစ်ခု ဖြစ်ခဲ့ဖွယ်ရှိသည်။

မိမိ မသိကျွမ်းသော ကားလောကသို့ စွန့်စားဝင်ရောက်မည့်အစား ရှိရင်းစွဲ မဟာဗျူဟာများနှင့် ထုတ်လုပ်ရေး တို့တွင်သာ ဆက်လက်လျှောက်လှမ်းရန် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်လေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Elon Musk Tried To Sell Tesla To Apple — But CEO Tim Cook Refused To Even Meet With Him: 'You Know, I've Never Spoken To Elon. I Don't Remember It Being Like That. But He Said That He Did, And So I Assume That's Correct.' ( finance)