• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဒေါင်လိုက်ပျံတက် သက်ဆင်း လျှပ်စစ်မိုးပျံတက္ကစီ နယူးယောက်မြို့ပေါ်တွင် ပထမဆုံး စတင်ပျံသန်းကာ သမိုင်းမှတ်တမ်းတင်

ဒေါင်လိုက်ပျံတက် သက်ဆင်း လျှပ်စစ်မိုးပျံတက္ကစီ နယူးယောက်မြို့ပေါ်တွင် ပထမဆုံး စတင်ပျံသန်းကာ သမိုင်းမှတ်တမ်းတင်

  • 125 views

ပန်းသီးကြီးဟု လူသိများသော နယူးယောက်မြို့တွင် အဝါရောင် တက္ကစီကားများအပြင် မကြာမီတွင် ပြိုင်ဘက် ပေါ်လာတော့မည်ဖြစ်ရာ ဒေါင်လိုက်ပျံတက် သက်ဆင်း လျှပ်စစ်မိုးပျံတက္ကစီ (eVTOL) များ ဖြစ်သည်။

Joby Aviation ကုမ္ပဏီမှ ထုတ်လုပ်သော eVTOL သည် နယူးယောက်မြို့ပေါ်တွင် ပထမဆုံးစတင် ပျံသန်းခဲ့ ရာ မြို့ကြီးများပေါ်တွင် ပထမဆုံး စတင်ပျံသန်းသည့် မိုးပျံကား ဖြစ်လာသည်။

ထုတ်လုပ်သော ကုမ္ပဏီ၏ ပြောကြားချက်အရ ယခုယာဉ်တို့၏ အဓိကသုံးစွဲရန် ရည်ရွယ်ချက်များတွင် လေဆိပ် များသို့ အချိန်တိုအတွင်း အသွားအပြန် ပြုလုပ်နိုင်ရန် ဖြစ်ကြောင်း ပြောသည်။

ဤမိုးပျံ တက္ကစီများသည် ခရီးသည်များကို မြို့ထဲမှတဆင့် လေဆိပ်များရှိရာသို့ သာမန်ကားများထက် ပိုမို လွယ်ကူမြန်ဆန်စွာ ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။

ယခုကားသည် အားအပြည့်သွင်းထားပါက မိုင် ၁၀၀ ကျော် မောင်းနှင်နိုင်သည်။

“နယူးယောက်ဟာ လေကြောင်း လျှပ်စစ်ခရီးသွားနယ်ပယ်မှာ ကမ္ဘာ့ဦးဆောင် ဖြစ်တယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်”ဟု Joby Aviation ၏ တည်ထောင်သူ ၊ စီအီးအို JoeBen Bevirt က Clean Technica သို့ ပြောသည်။

“နယူးယောက်မြို့သားတွေအတွက် တိတ်ဆိတ်ငြိမ်သက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုမရှိတဲ့ ခရီးစဉ် တွေကို ဈေးနှုန်းသင့်တင့်စွာ စီးနင်းနိုင်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။”

ယခုခြေလှမ်းသည် နယူးယောက်မြို့ကြီး၏ ခရီးသွားလာပုံများကို ပြောင်းလဲစေနိုင်ပြီး နယူးယောက်မြို့လယ် ၊ မန်ဟက်တန်အရပ်မှ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်သို့ ၅ မိနစ်မှ ၇ မိနစ်အတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

ကားဖြင့် သွားမည်ဆိုပါက ၄၅ မိနစ်မှ တစ်နာရီအထိ ကြာမြင့်သော ခရီးဖြစ်သည်။

လျှပ်စစ်မော်တာ ၃ လုံးတပ်ဆင်ထားပြီး ခရီးသည် ၃ ဦး လိုက်ပါနိုင်သော eVTOL တစ်စင်းသည် မီသိန်း ဓာတ်ငွေ့သုံး စွမ်းအင်ရင်းမြစ်မျိုးမှ အားသွင်းမည်ဆိုလျှင်ပင် ကားတစ်စင်းအောက် ကာဗွန်ထုတ်လုပ်မှု ၅၂ ရာခိုင်နှုန်း နည်းပါးသည်။

ထို့အပြင် ဆိတ်ငြိမ်မှုကို ဦးစားပေးကာ ထုတ်လုပ်ထားခြင်းဖြစ်ရာ eVTOL များသည် နယူးယောက်မြို့ကြီးအား ဆူညံသံများ ဆောင်ကျဉ်းပေးလိမ့်မည် မဟုတ်ချေ။

“မန်ဟက်တန်မှာ နေတဲ့လူတွေအနေနဲ့ မြို့လယ်ရဟတ်ယာဉ်ကွင်းကနေ ယာဉ်တစ်စီး တိတ်တဆိတ် ပျံတက်သွားပြီး အရှေ့မြစ်ပေါ် ပျံသန်းသွားတာကို တနင်္ဂနွေနေ့က မြင်ခဲ့တယ်ဆိုရင် အဲဒါဟာ ပန်းကန်ပြားပျံ မြင်တာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ အဲဒါက နယူးယောက် မိုးပျံတက္ကဆီရဲ့ အနာဂတ်ကို ဖျတ်ခနဲ မြင်လိုက် တာပဲ ဖြစ်ပါတယ်”ဟု Michael Verdon က ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  ELECTRIC VTOL AIRCRAFT MAKES HISTORY WITH FIRST-EVER FLIGHT OVER NYC: ‘A GLIMPSE INTO THE CITY’S AIR-TAXI FUTURE’  (thecooldown)