• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးတွင် တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD ထုတ် ကျောင်းသုံး လျှပ်စစ်ဘတ်စ်ကားများ အသုံးပြုမည်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးတွင် တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD ထုတ် ကျောင်းသုံး လျှပ်စစ်ဘတ်စ်ကားများ အသုံးပြုမည်

  • 118 views

 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးရှိ ကျောင်းဘတ်စ်ကားများအတွက် ကန်ထရိုက် ပေးသွင်းရန် ကယ်လီဖိုးနီးယားပြည်နယ် အထွေထွေဝန်ဆောင်မှုဌာန (DGS) က ခေါ်ယူခဲ့ရာ တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး BYD က ရရှိသွားသည်။

“ကျွန်တော်တို့ရဲ့ ကျောင်းသုံး လျှပ်စစ်ဘတ်စ်ကားတွေဖြစ်တဲ့ Achiever (Type A) နဲ့ Dreamer (Type D) တို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် DGS ရဲ့ ကန်ထရိုက်ရရှိခဲ့တဲ့အပေါ် BYD | RIDE အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်” ဟု  BYD | RIDE ၏ လက်ထောက်ဥက္ကဌ Patrick Duan က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တလွှားရှိ ကျောင်းရပ်ကွက်တွေမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမရှိရေး အဖြေတွေပေးစွမ်းပြီး လမ်းတွေပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေ လျှော့ချရေးမှာ ကူညီပေးဖို့ ရှေ့ရှုပါတယ်”

BYD Achiever သည် လူ ၃၀ ဦးကျော် စီးနင်းနိုင်ပြီး ဘက်ထရီစွမ်းအားမှာ ၁၄၁ kWh ရှိသည်။

BYD Dreamer မှာမူ လူ ၈၄ ဦး စီးနိုင်ပြီး ဘက်ထရီစွမ်းအားမှာ ၂၃၀ kWh ရှိသည်။

BYD က Type C ကျောင်းဘတ်စ်ကားကိုလည်း မကြာမီတွင် ဈေးကွက်သို့ တင်ပို့နိုင်ရန် စီစဉ်နေသည်။

ကယ်လီဖိုးနီးယား DGS သည် လျှပ်စစ်ကျောင်းဘတ်စ်ကားများ ဝယ်ယူရန် ကာလရှည် စီမံကိန်း ရှိသည်။

အဆိုပါစီမံကိန်းတွင် အစင်းရေပမာဏ မည်မျှဝယ်ယူမည်ဟု အတိအကျ အာမခံထားခြင်း မရှိချေ။

၂ နှစ်နှင့်အထက် စာချုပ်ဖြစ်နိုင်ပြီး တစ်ကြိမ်လျှင် ၁ နှစ်စီဖြင့် ၃ ကြိမ်သက်တမ်းတိုးဖွယ် ရှိသည်။

ကယ်လီဖိုးနီးယားပြည်နယ်အစိုးရ၏ Operation Agency လက်အောက်တွင် အဖွဲ့အစည်း ၁၀ ခု ရှိသည့်နက် DGS လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ယခုကဲ့သို့ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရ၏ ကန်ထရိုက်ကို BYD မှ ရရှိသွားခြင်းကြောင့် BYD ထုတ်ကားများ ဝယ်ယူရန် စိတ်ဝင်စားသူများအနေဖြင့် ယခုကန်ထရိုက်မှတဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA) က Clean Bus Program ကို ကြေညာခဲ့ကာ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက် ကန်ဒေါ်လာ ၁ ဘီလီယံသုံးစွဲရန် လျာထားခဲ့သည်။
အဆိုပါ ပရိုဂရမ်မှတဆင့် စာသင်ကျောင်းများအား လျှပ်စစ်ဘတ်စ်ကားများ ဝယ်ယူရန် ကူညီခဲ့ခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  BYD wins contract for battery electric school bus contract in California  (teslarati)