- ပင်မစာမျက်နှာ
- ကားသတင်းများ
- Ferrari တစ်စင်း လေလံပွဲတွင် သမိုင်းတလျှောက်အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ ၅၁ ဒသမ ၇ သန်းဖြင့် ရောင်းထွက်
Ferrari တစ်စင်း လေလံပွဲတွင် သမိုင်းတလျှောက်အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ ၅၁ ဒသမ ၇ သန်းဖြင့် ရောင်းထွက်
- 172 views
[Unicode]
Display ကားများ၏ ထိပ်ခေါင် (holy grail of all collector cars) ဟု အမည်တွင်သော Ferrari တစ်စင်းသည် ဈေးကွက်စံချိန်တင် ဈေးနှုန်းဖြင့် လေလံအရောင်းအဝယ်ဖြစ်သွားခဲ့သည်။
နယူးယောက်မြို့တွင် ပြီးခဲ့သော တနင်္လာနေ ညပိုင်းက ပြုလုပ်ခဲ့သော လေလံပွဲ၌ မော်ဒန်နှင့် ခေတ်ပြိုင် အနုပညာလက်ရာများ လေလံတင်ရောင်းချခဲ့ရာတွင် အဆိုပါ Ferrari ကို ဈေးအမြင့်ဆုံးပေးသူအား ရောင်းချလိုက်ခြင်း ဖြစ်သည်။
အရောင်းအဝယ်ဖြစ်သွားသောကားမှာ Ferrari ၏ ၁၉၆၂ ခုနှစ်ထုတ် 330LM/250 GTO ဖြစ်ပြီး Ferrari ၏ အရှားပါးဆုံး ၊ အကျော်ကြားဆုံးနှင့် ဝယ်ယူလိုသူအများဆုံး ဂန္ထဝင်ကား ဖြစ်သည်။
Chassis နံပါတ် ၃၇၆၅ ဖြစ်သော အဆိုပါ 250 GTO သည် Ferrari ၏ ကိုယ်ပိုင်ပြိုင်ကားအသင်းဖြစ်သော Scuderia Ferrari အသင်းက ပြိုင်ပွဲတွင် တရားဝင်သုံးခဲ့သည့် တစ်ခုတည်းသော 250 GTO ဖြစ်သည်။
အများပြည်သူတို့ ပါဝင်သည့် လေလံပွဲတွင် Ferrari တစ်စင်းအတွက် သမိုင်းတလျှောက် အမြင့်မားဆုံး ပေးခဲ့ သည့် ဈေးနှုန်းလည်း ဖြစ်သည်။
လူ့သမိုင်းတလျှောက် လေလံပွဲအားလုံးတွင် ရောင်းချခဲ့ဖူးသော ဈေးအကြီးဆုံး မော်တော်ကားများ စာရင်းတွင်မူ ဒုတိယနေရာတွင် ရပ်တည်နေသည်။
(နိုဝင်ဘာလ ၁၃ ရက်တွင် RM Sotheby’s ၏ အနုပညာလေလံပွဲတွင် Ferrari ၏ ၁၉၆၂ ခုနှစ်ထုတ် 330LM/250 GTO ကို ကန်ဒေါ်လာ ၅၁ ဒသမ ၇ သန်းဖြင့် ရောင်းချလိုက်သည်။)
Ferrari ၏ ယခင်က အမြင့်မားဆုံး ရရှိခဲ့သော ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၈ ဒသမ ၄ သန်းဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း RM Sotheby’s ၏ လေလံပွဲတွင် အရောင်းအဝယ် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကလည်း Ferrari ထုတ် 250 GTO ပင် ဖြစ်သည်။
ယခုအရောင်းအဝယ်ထက် ပိုမိုမြင့်မားသော ဈေးနှုန်း ရရှိထားသောကားတစ်စင်းသာ ရှိသည်။
ထိုကားမှာ ဂျာမန်ပြိုင်ကားဖြစ်သော ၁၉၅၅ ခုနှစ်ထုတ် Mercedes-Benz 300 SLR Uhlenhaut Coupe ဖြစ်သည်။
ထိုကားကို ပြီးခဲ့သောနှစ်အတွင်း ဂျာမနီနိုင်ငံ ၊ စတုဂတ်မြို့ရှိ Mercedes-Benz ၏ ပြတိုက်တွင် ကျင်းပခဲ့သော RM Sotheby’s ထိပ်တန်းလျှို့ဝှက် လေလံပွဲတွင် အရောင်းအဝယ် ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ကန်ဒေါ်လာ ၁၄၃ သန်း ရရှိခဲ့ရာ ကမ္ဘာမြေပေါ်တွင် ဈေးအကြီးဆုံး မော်တော်ကားအဖြစ် စံချိန်တင်ခဲ့သည်။
(ယခုဈေးနှုန်း ဒေါ်လာ ၅၁ ဒသမ ၇ သန်းမှာ အများပြည်သူပါဝင်နိုင်သော လေလံပွဲတွင် အမြင့်မားဆုံး ဈေးဖြစ်ပြီး လေလံပွဲအားလုံးတွင်မူ ဒုတိယနေရာတွင် ရပ်တည်နေသည်။)
(ယခင်က ဈေးနှုန်းအမြင့်ဆုံး စံချိန်တင်ခဲ့သည်မှာ 250 GTO ပင်ဖြစ်ပြီး ကန်ဒေါ်လာ ၄၈ ဒသမ ၄ သန်း ဖြစ်သည်။)
(ယခုကားကို ပိုင်ရှင်တစ်ဦးက ၃၈ နှစ်ကြာ ပိုင်ဆိုင်ထားခဲ့ပြီးနောက် လေလံတင်ခဲ့ခြင်းဖြစ်သည်။)
(ဤဇယားတွင် မကြာသေးမီ ကာလအတွင်း Ferrari 250 GTO တို့၏ ဈေးနှုန်း ခေါင်ခိုက်လာပုံကို ပြသနေသည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: This is the most expensive Ferrari sold at auction: Classic 1962 250 GTO dubbed 'the holy grail of all collector cars' just went for $51.7million (dailymail)