- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗီယက်နမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်က လူတိုင်း EV စီးနိုင်ရေး မျှော်မှန်းချက်ဖြင့် EV နယ်တွင် ကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ
ဗီယက်နမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်က လူတိုင်း EV စီးနိုင်ရေး မျှော်မှန်းချက်ဖြင့် EV နယ်တွင် ကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ
- 242 views
ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလျံနာသူဌေးကြီး ဖန်နက်ဗွန်း (Pham Nhat Vuong) သည် စွန့်စားမှုများ မလုပ်ဆောင်ဘဲနှင့် ဘီလျံနာသူဌေးကြီးဘဝသို့ ရောက်လာခြင်း မဟုတ်။
သူ၏ လက်ရှိစွန့်စားမှုကား VinFast Auto ကုမ္ပဏီကို ကမ္ဘာလုံးဆိုင်ရာ ကားဈေးကွက်သို့ ဝင်ရောက်ရန် ခြေလှမ်းဖြစ်ပြီး ကမ္ဘာ့လျှပ်စစ်ကား (EV) ဈေးကွက်တွင် အလားအလာကောင်းသည့် အမှတ်တံဆိပ် ဖြစ်လာစေ ရန် ကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံကာ ကြိုးပမ်းလျက် ရှိသည်။
သို့သော် လက်ရှိအချိန်ထိကား ၎င်း၏ ခရီးလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု အတိဖြစ်နေပြီး မိမိနိုင်ငံပြင်ပ တွင် အောင်မြင်မှုရနိုင်မည်လောဟူသည့်အပေါ် သံသယဖြစ်လာရသည်။
ယင်းသို့ရှိစေကာမူ VinFast ၏ စီအီးအိုကမူ ယုံကြည်မှု အပြည့်ရှိနေသည်။
“ကျွန်မတို့ရဲ့ မျှော်မှန်းချက်က လူတိုင်း EV စီးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု VinFast ၏ စီအီးအိုဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ Le Thi Thu Thuy (လေထီတူးတွေး) က ပြောသည်။
(Vingroup ၏ တည်ထောင်သူ၊ ဥက္ကဌ ဖန်နက်ဗွန်း။ ဓာတ်ပုံ-VinFast)
VinFast တွင် ကြီးမားသော ရည်မှန်းချက်ပန်းတိုင်များရှိနေရာ ၆ နှစ်တာကာလအတွင်း တစ်ကမ္ဘာလုံးတွင် EV အစင်းရေ ၁ သန်း ရောင်းချနိုင်ရေးလည်း အပါအဝင် ဖြစ်သည်။
(မှတ်ချက်။ Tesla သည် အစင်းရေ ၁ သန်းရောင်းချနိုင်ရန် ၁၇ နှစ် အချိန်ယူခဲ့ရသည်။)
EV မော်ဒယ်များစွာ ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁၀ ဘီလီလျံနီးပါး ရင်းနှီးမြှုပ်နှံပြီးနောက် ဗီယက်နမ်တွင် အားသွင်းအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း ၊ အလိုအလျောက်စနစ်သုံး စက်ရုံတစ်ခု တည်ထောင် ခြင်းများ ပြုလုပ်ခဲ့သည်။
လာမည့် ၃ နှစ်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီလျံ ထပ်မံရင်းနှီးမြှုပ်နှံကာ အမေရိကန်တွင် ၂၀၂၅ ခုနှစ်တွင်လည်းကောင်း ၊ အင်ဒိုနီးရှားနှင့် အိန္ဒိယတို့တွင် ၂၀၂၆ ခုနှစ်တွင်လည်းကောင်း စက်ရုံများ တည်ထောင်လည်ပတ်သွားရန် စီစဉ်ထားသည်။
ယင်းအနက် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ စက်ရုံမှာ ပထမဆင့် ဆောက်လုပ်လျက်ရှိနေပြီ ဖြစ်သည်။
ကုမ္ပဏီ၏ ပန်းတိုင်မှာ အဆိုပါ နိုင်ငံများတွင် အစိုးရအထောက်အပံ့များနှင့် အကောက်ခွန် လျှော့ပေါ့မှု အခွင့်အရေးများ ရယူကာ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရန် ရည်မှန်းထားသည်။
လက်ရှိအားဖြင့် VinFast ၏ တစ်နှစ်တာ ထုတ်လုပ်နိုင်စွမ်းမှာ အစင်းရေ ၃၀၀၀၀၀ ဖြစ်ပြီး ၂၀၂၆ ခုနှစ်သို့ ရောက်လျှင် အစင်းရေ ၅၅၀၀၀၀ အထိ ထုတ်လုပ်သွားနိုင်ရန် မျှော်မှန်းထားသည်။
VinFast သည် လက်ရှိအားဖြင့် အမေရိကန်ဈေးကွက်တွင် ဈေးကွက်ဝေစု အနည်းငယ်မျှသာ ရရှိထားသည်။
မော်တော်ကား ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Mark Lines ၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ၊ ပထမ ၉ လအတွင်း VinFast သည် အမေရိကတွင် EV အစင်းရေ ၂၀၀၀၀ မျှသာ ရောင်းချထားရကြောင်း ဖော်ပြသည်။
VinFast ၏ ထုတ်ပြန်ချက်အရ ယခုနှစ် ၉ လတာကာလအတွင်း EV အစင်းရေ စုစုပေါင်း ၂၁၀၀၀ ခန့် ဖြန့်ချိခဲ့ကြောင်း ၊ အစင်းရေ ၁၃၀၀၀ ခန့် (သို့မဟုတ်) ၆၀ ရာခိုင်နှုန်းကျော်မှာ ပြည်တွင်းတွင်သာ ရှိနေပြီး Green and Smart Mobility (GSM) ကုမ္ပဏီက အသုံးပြုနေကြောင်း ၊ GSM သည် ဖန်နက်ဗွန်း ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး လျှပ်စစ်အငှားကားကုမ္ပဏီတစ်ခု ဖြစ်သည်ဟု ဆိုသည်။
GSM သည် ဗီယက်နမ်နိုင်ငံတစ်ဝန်း လျှပ်စစ်အငှားကား ဝန်ဆောင်မှု လုပ်ဆောင်ရန် EV အစင်းရေ ၃၀၀၀၀ မှာယူခဲ့ပြီး လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အထိ လုပ်ငန်းတိုးချဲ့ခဲ့သည်။
GSM က ပြောသည်မှာ အမေရိကန်အငှားကားဈေးကွက်သို့ ဝင်ရောက်ရန် ရည်မှန်းနေကြောင်း ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Vietnam’s Richest Person Bets Over $10 Billion To Break Into The Global EV Market (forbes)