အာရပ်စော်ဘွားများပြည်ထောင်စုက ကန်ဒေါ်လာ သန်း ၅၀၀ ဖိုး မိုးပျံ လျှပ်စစ်ကား အစင်း ၁၀၀ အမေရိကန် ကုမ္ပဏီထံမှ မှာယူ

  • 210 views

ဒေါင်လိုက်ပျံတက်သက်ဆင်းလျှပ်စစ်ကား (eVTOL) ကုမ္ပဏီတစ်ခုသည် ၎င်းတို့၏ မိုးပျံကား အစင်းရေ ၁၀၀ ကို ကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျို့စ်အခြေစိုက် eVTOL ကုမ္ပဏီ Archer Aviation နှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံရှိ ရဟတ်ယာဉ်ပို့ဆောင်ရေးကုမ္ပဏီ Air Chateau International တို့အကြား နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့ကြသည်။

Air Chateau International က လျှပ်စစ်မိုးပျံယာဉ်များ (EAV) ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တွင် အသုံးပြုရေးအတွက် ဝယ်ယူရန် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဘောတူညီချက်ကို ဒူဘိုင်းလေကြောင်းပြပွဲတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြန်မအမ်းနိုင်သော စပေါ်ငွေ ဒေါ်လာ ၁ သန်းပေးချေကာ လက်မှတ်ထိုးခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Acorn Capital က financial transaction partner အဖြစ် ပါဝင်ခဲ့သည်။

Air Chateau ကုမ္ပဏီသည် လေဆိပ်များနှင့် မြို့ကြီးများအကြား အလွန်ချမ်းသာကြွယ်ဝသူတို့အား သယ်ယူ ပို့ဆောင်ပေးသည့်ဝန်ဆောင်မှု လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်သည်။

လုပ်ငန်းလည်ပတ်မှု ကြိုတင်ပြင်ဆင်မှုများအတွက် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် စပ်လျဉ်းသည့် အခွင့်အလမ်းများ ရှာဖွေသွားရန်လည်း Archer နှင့် Air Chateau တို့တွင် အစီအစဉ်များ ရှိသည်။

“၂၀၂၃ ခုနှစ် ၊ ဒူဘိုင်းလေကြောင်းပြပွဲမှာ Air Chateau ရဲ့အဖွဲ့နဲ့ တွေ့ဆုံရတာ ဂုဏ်ယူပါတယ်။ ဒီပွဲမှာ သူတို့ဟာ ကျွန်တော်တို့ရဲ့ မိုးပျံယာဉ်ကို ထိတွေ့ကြည့်မြင်ခံစားခွင့် ရခဲ့ကြပါတယ်။”ဟု Archer ၏ တည်ထောင်သူ ၊ စီအီးအို အဒမ် ဂိုးစတိန်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ Midnight မိုးပျံကားဟာ ယူအေအီးဈေးကွက်က Customer တွေရဲ့လိုအပ်ချက်ကို ဖြည့်တင်း ပေးနိုင်တယ်ဆိုတာ သူတို့ အသိအမှတ် ပြုခဲ့ကြတယ်။ Midnight မိုးပျံကား အစင်း ၁၀၀ နဲ့အထက် ဝယ်ယူခဲ့မှု ဟာလည်း စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး လူတွေဟာ မြို့ပြတွေမှာ ဘယ်လိုသွားလာကြမယ်ဆိုတာ ပြောင်းလဲပစ် မယ့် ယာဉ်တစ်စင်း ဆောင်ကြဉ်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။”

Archer သည် ယူအေအီးနှင့် အရှေ့အလယ်ပိုင်းတလွှား တိုးတက်ဖွံ့ဖြိုးလာနေသော အဆင့်မြင့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အထောက်အပံ့ဖြစ်စေရန် အင်ဂျင်နီယာစင်တာတစ်ခု တည်ထောင်ရန် ရည်ရွယ်ကြောင်း ယခင်က ပြောခဲ့ဖူးသည်။

မကြာသေးမီက Archer က ထုတ်ဖော်ကြေညာသည်မှာ ၂၀၂၆ ခုနှစ်သို့ ရောက်လျှင် အဘူဒါဘီနှင့် ဒူဘိုင်းတို့ တွင် လေကြောင်း Taxi လုပ်ငန်းများ စတင်ရန် စီစဉ်ထားကြောင်း ကြေညာသည်။

Archer ထုတ် Midnight အမည်ရှိ မိုးပျံကားသည် လေယာဉ်မှူးတစ်ဦးနှင့် ခရီးသည် ၄ ဦးလိုက်ပါ စီးနင်း လိုက်ပါ နိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Flying Taxi Deal Signed; $500M for 100 Flying Vehicles for UAE  (iotworldtoday)