၂၀၂၄ ခုနှစ်အတွက် Car of the Year အဖြစ် ရွေးချယ်ခံရသော Toyota Prius

  • 321 views

“၂၁ ရာစုအတွက် အချိန်တန်ပါပြီ”

ဤသည်ကား Toyota က ၁၉၉၇ ခုနှစ်တွင် အသုံးပြုခဲ့သော နာမည်ကျော် ကြွေးကြော်သံဖြစ်သည်။

ထိုအချိန်ထိုကာလက Toyota သည် ဂျပန်တွင် ထိပ်တန်းရောင်းအားကောင်းသည့် Hybrid ကားဖြစ်လာမည့် မော်ဒယ်ကို စတင်ရောင်းချခဲ့ချိန်လည်း ဖြစ်သည်။

ထိုကားသည် ကမ္ဘာပေါ်တွင် ပထမဆုံး အလုံးအရင်းထုတ်လုပ်သည့် ဓာတ်ဆီ-လျှပ်စစ်ကားဖြစ်ပြီး စတင် ရောင်းချသောနှစ်တွင်ပင် Car of the Year Japan ဆု ရရှိခဲ့သည်။

နောင်တစ်နှစ်ကြာသောအခါတွင်လည်း Automotive Researchers’ and Journalists’ Conference Car of the Year ဆု ထပ်မံရရှိခဲ့သည်။
ထိုကားမော်ဒယ်မှာ Toyota Prius  ဖြစ်သည်။

Toyota Prius ကို ၂၀၀၀ ပြည့်နှစ်တွင် တကမ္ဘာလုံး၌ စတင်ရောင်းချခဲ့ပြီး MotorTrend က Toyota Prius ကို ၂၀၀၄ ခုနှစ်အတွက် Car of the Year အဖြစ် ရွေးချယ်ခဲ့သည်။

“ဒီကားဟာ ပထမဆုံး Hybrid ဖြစ်ရုံမျှမက လောင်စာထိရောက်မှု ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း အလွန်နည်းပါးမှု ၊ စိတ်လှုပ်ရှားဖွယ် Performance အစရှိတာတွေ အကုန်ရနိုင်မယ့် မက်မောစရာ အချက်တွေ ရှိပါတယ်”ဟု MotorTrend က ရေးသားဖော်ပြခဲ့ဖူးသည်။

ကမ္ဘာကြီးမှာ ထိုအချိန်ကာလများကတည်းက စတင်ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

ကားမောင်းသူအများစုသည် သဘာဝပတ်ဝန်းကျင်ကို ပိုမိုအလေးထားလာကြပြီး လျှပ်စစ်ကားများနှင့် Hybrid များဆီသို့ ကူးပြောင်းလာကြသည်။

Hybrid ကားများသည် ၂၀၁၃ ခုနှစ်အတွင်း အပေါ့စားယာဉ်ဈေးကွက် ဝေစု ၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း ရယူထားကြောင်း အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနမှ သယ်ယူ ပို့ဆောင်ရေး စာရင်းအင်းဗျူရို၏ အချက်အလက်များတွင် ဖော်ပြသည်။

လျှပ်စစ်ကားများမှာ ၂၀၂၁ ခုနှစ်အတွင်း အပေါ့စားယာဉ်ဈေးကွက်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း ဝေစုရရှိထားသည်။

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ အချက်အလက်များအရ Toyota Prius သည် ကားအစင်းရေ ၅ သန်းရောင်းချခဲ့ ရပြီး ကမ္ဘာ့ထိပ်တန်းအရောင်းရဆုံး Hybrid ကားအဖြစ် ရပ်တည်ခဲ့သည်။

MotorTrend ၏ Car of the Year ရွေးချယ်ခံရပြီး နှစ်ပေါင်း ၂၀ အကြာ ယခုအခါ ၂၀၂၄ ခုနှစ်အတွက် ပြန်လည် ရွေးချယ်ခံလာရသည်။

 ၂၀၀၄ ခုနှစ်က မိမိတို့ ရွေးချယ်ခဲ့သော Toyota Prius မှာ ဆယ်စုနှစ် ၂ ခုကြာသည်အထိ အောင်ပွဲခံနိုင်ဆဲ ဖြစ်ကြောင်း MotorTrend က နိုဝင်ဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ကြေညာမှုကို လော့စ်အိန်ဂျလိ နိုင်ငံတကာကားပြပွဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Car of the Year ဆုအတွက် Finalist စာရင်းဝင်ခဲ့သည့် ကားမော်ဒယ်များတွင်  Tesla Model 3 ၊ Lucid Air နှင့် BMW M2 တို့ အပါအဝင် ဖြစ်သည်။

Toyota Division Group ၏ လက်ထောက်ဥက္ကဌ ဒေးဗစ်ခရစ်က ပြောသည်မှာ Toyota Prius သည် ပထမဆုံး Hybrid အဖြစ်မှသည် ဂန္ထဝင်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Popular car of the year wins the title again after 20 years (thestreet)