- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဆွီဒင်ဘုရင်မင်းမြတ် ပိုင်ဆိုင်ခဲ့သော ၁၉၇၃ ခုနှစ်ထုတ် Mercedes S-Class မော်တော်ကား လေလံတင် ရောင်းချမည်
ဆွီဒင်ဘုရင်မင်းမြတ် ပိုင်ဆိုင်ခဲ့သော ၁၉၇၃ ခုနှစ်ထုတ် Mercedes S-Class မော်တော်ကား လေလံတင် ရောင်းချမည်
- 355 views
တော်ဝင်ပုဂ္ဂိုလ်တို့ ပိုင်ဆိုင်ခဲ့သောကားများကို အရောင်းဈေးကွက်တွင် မကြာခဏ တွေ့ရလေ့မရှိ။
ယခုအခါ လက်ရှိ ဆွီဒင်ဘုရင်မင်းမြတ် Carl XVI Gustaf ပိုင်ဆိုင်ခဲ့ဖူးသော ၁၉၇၃ ခုနှစ်ထုတ် Mercedes-Benz 280S တစ်စင်းကို လေလံတင်ရောင်းချရန် စီစဉ်ထားရာ တော်ဝင်တို့၏ မော်တော်ကားကို ပိုင်ဆိုင်ခွင့် ရမည့် အခွင့်အရေးလည်း ဖြစ်သည်။
Carl XVI Gustaf (မွေး ၁၉၄၆) သည် လက်ရှိ ဆွီဒင်ဘုရင်မင်းမြတ်ဖြစ်ပြီး အဘိုးတော်စပ်သူ Gustaf VI Adolf နတ်ရွာစံပြီးနောက် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည်။
ခမည်းတော်ဖြစ်သူ အိမ်ရှေ့စံမင်းသား Gustaf Adolf သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် လေယာဉ်ပျက်ကျကာ နတ်ရွာစံသွားခဲ့သောကြောင့် Carl XVI Gustaf မှာ ထီးနန်းဆက်ခံရခြင်းလည်း ဖြစ်သည်။
လာမည့် စက်တင်ဘာလ ၂၁ ရက်တွင် လေလံတင်ရောင်းချရန် စီစဉ်ထားသည်။
ရောင်းချသူဖြစ်သော Bilweb Auctions လေလံအဖွဲ့က ဤကားမှာ ဆွစ်ဇာလန် ကရိုနာငွေ ၁၂၀၀၀၀ မှ ၁၅၀၀၀၀ ကြား (ကန်ဒေါ်လာ ၁၀၇၅၀ မှ ၁၃၄၄၂ ကြား) ရရှိဖွယ်ရာရှိကြောင်း ခန့်မှန်းထားသည်။
ဘုရင် Carl XVI Gustaf နန်းတက်သော ၁၉၇၃ ခုနှစ်အတွင်းတွင်ပင် ယခုကားကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ABC News သတင်းဌာန၏ ဖော်ပြချက်အရ Carl XVI Gustaf သည် ဆွီဒင်သမိုင်းတလျှောက် နန်းသက်အရှည်ဆုံး ဘုရင်းမင်းမြတ်ဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ထီးနန်းသက် နှစ် ၅၀ ပြည့်ပြီဖြစ်ရာ ဆွီဒင်တွင် နှစ် ၅၀ တိုင် စိုးစံနိုင်သည့် ပထမဆုံးဘုရင်မင်းမြတ်လည်း ဖြစ်သည်ဟု ဆိုသည်။
ဤ Mercedes သည် တော်ဝင်ဘုရင်တစ်ပါး စီးနင်းသည့် ကားအဖြစ် သင်မျှော်လင့်ထားသည်လောက်ကား ကောင်းမွန်မှု မရှိ။
ယခု 280S သည် ထိုကာလက ထုတ်လုပ်ခဲ့သော S-Class တို့ကို အခြေခံထားပြီး Solex-carburetor တပ်ဆင်ထားသည်။
မြင်းကောင်ရေ ၁၅၈ ကောင်အားထုတ်လုပ်သည့် 2.8-liter အင်ဂျင်တပ်ဆင်ထားကာ 4 speed automatic ဖြစ်သည်။
အတွင်းပိုင်းတွင် အပြာရောင် အထည်၊ ဗီနိုင်းတို့ဖြင့် ရောယှက်မွမ်းမံထားကာ လေအေးပေးစက် မပါဝင်ချေ။
စတော့ဟုမ်းမြို့တွင် တည်ရှိသော တော်ဝင်မြင်းဇောင်း (Royal Stables) တွင် ယခု Mercedes ကို ၁၉၇၃ မှ ၁၉၇၉ ခုနှစ်၊ ဇွန်လအထိ ထိန်းသိမ်းထားခဲ့သည်။
(Royal Stables ၏ အဓိကတာဝန်မှာ တော်ဝင်မိသားစု သယ်ယူပို့ဆောင်မှု ကိစ္စရပ်များအတွက် မော်တော်ကား၊ မြင်းဆွဲ ယာဉ်ရထားများ စီစဉ်၊ ထောက်ပံ့မှု ပေးခြင်း ဖြစ်သည်။)
ယခင်ကဲ့သို့ ခမ်းနားထည်ဝါမှုများ ရရှိစေရန် ဤ Mercedes ကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်နေသည်။
အပြင်ပိုင်းတွင် ထိချက်အချို့ရှိနေပြီး ဆေးသားပဲ့ထွက်နေခြင်းများ တွေ့ရသည်။
ယာဉ်မောင်းထိုင်ခုံမှ အခင်းသားမှာ စုတ်ပြဲမှု အချို့ရှိနေပြီး ကြမ်းခင်းများမှာ သန့်ရှင်းရေးလုပ်ရန် လိုနေသည်။
လေလံမှတ်တမ်းတွင် ဖော်ပြချက်အရ အင်ဂျင်မှာ အလွယ်တကူ စက်နိုးကြောင်း ဖော်ပြထားသည်။
Odometer တွင် ဖော်ပြချက်အရ ကားမှာ ကီလို ၃၃၂၆၁၉ (၂၀၆၆၈၀ မိုင်) ရှိထားကြောင်း ဖော်ပြသည်။'
ဆွီဒင်ဘုရင်မှာ ဂုဏ်ပြုသောအားဖြင့် ထားရှိခြင်းသာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍ မရှိချေ။
ပြည်ပနိုင်ငံများမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို နိုင်ငံခေါင်းဆောင်အနေဖြင့် လက်ခံတွေ့ဆုံခြင်း၊ နိုဘယ်ဆုရ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခြင်းများ ပြုလုပ်လေ့ရှိကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
Mercedes ကုမ္ပဏီက ယခုမော်ဒယ်ကားပေါင်း ၄၇၃၀၃၅ စီးကို Sindelfingen စက်ရုံမှတဆင့် ၁၉၇၂ မှ ၁၉၇၉ ခုနှစ်အထိ ထုတ်လုပ်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 1973 Mercedes S-Class Owned By King Of Sweden Up For Sale ( motor1)