ဥရောပ သမဂ္ဂက ၂၀၃၅ ခုနှစ်သို့ ရောက်လျှင် ဥရောပ၌ ဓာတ်ဆီနှင့် ဒီဇယ်ကားများ ရောင်းချခွင့် ပိတ်ပင်မည့် ဥပဒေပြဌာန်း

  • 161 views

 

၂၀၃၅ ခုနှစ်သို့ ရောက်လျှင် ဥရောပ၌ ရောင်းချမည့် ကားသစ်များနှင့် ဗန်များ အားလုံးသည် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု လုံးဝမရှိသော ကားများဖြစ်ရမည်ဟု ပြဌာန်းထားသော ဥပဒေသစ်တစ်ရပ်ကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တရားဝင်သဘောတူ ပြဌာန်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေကို ဥရောပကောင်စီက ယခုနှစ် မတ်လ ၂၈ ရက်တွင် စတင်အဆိုပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေအရ ၂၀၃၀ မှ ၂၀၃၄ ခုနှစ်အတွင်း ဥရောပသမဂ္ဂနိုင်ငံများတွင် ရောင်းချမည့်ကားသစ်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်း လျှော့ချရမည်ဖြစ်ကာ ဗန်များမှာ ၅၀ ရာခိုင်နှုန်း လျှော့ချ ရမည်ဟု ဆိုသည်။

၂၀၃၅ ခုနှစ်သို့ ရောက်လျှင် ဥရောပသမဂ္ဂ၌ ရောင်းချမည့် ကားများနှင့် ဗန်များအားလုံးသည် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု ၁၀၀ ရာခိုင်နှုန်း လျှော့ချရမည်ဟု ပြဌာန်းထားသည်။

အဆိုပါ ဥပဒေကို မဲခွဲဆုံးဖြတ်ရာတွင် ပိုလန်တစ်နိုင်ငံတည်းသာ ကန့်ကွက်မဲ ပေးခဲ့ပြီး ဘူလ်ဂေးရီးယား ၊ အီတလီနှင့် ရိုမေးနီးယားနိုင်ငံတို့မှာ မဲမပေးဘဲ ကြားနေခဲ့သည်။

နောက်ပိုင်းတွင် ဂျာမနီက ပြင်ဆင်ချက်တစ်ရပ် တင်သွင်းခဲ့ရာ အီတလီအပါအဝင် အခြားနိုင်ငံများက ထောက်ခံ ခဲ့ကြသည်။

အဆိုပါ ပြင်ဆင်ချက်မှာ Internal Combustion engine (ICE) တပ်ဆင်ထားကာ လျှပ်စစ်လောင်စာဖြင့် သွားမည့်ကားများ ၂၀၃၅ ခုနှစ် နောက်ပိုင်းတွင် ရောင်းချခွင့်ပြုထားသည်။

လျှပ်စစ်လောင်စာ (E-Fuels) တို့သည် ဟိုက်ဒရိုဂျင်မှ ထုတ်လုပ်ထားသော လူလုပ်လောင်စာများဖြစ်ကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု မရှိသော လောင်စာအဖြစ် လက်ခံထားကြသည်။

သို့သော် ထိုလောင်စာများ ထုတ်လုပ်ရာတွင်လည်း နေစွမ်းအင်နှင့် လေစွမ်းအင်တို့ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုသာ အသုံးပြုထုတ်လုပ်ရမည် ဖြစ်သည်။

ယခုဥပဒေကို ဥရောပသမဂ္ဂ၏ Offical Journal တွင် ဖော်ပြခဲ့ပြီး စတင်အသက်ဝင်နေပြီ ဖြစ်သည်။

ဥရောပမှ ကားထုတ်လုပ်သည့် ကုမ္ပဏီအများစုသည် လျှပ်စစ်ကား ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရန် အတွက် ရင်းနှီးမြှုပ်နှံများ အလုံးအရင်း ပြုလုပ်လာနေကြသည်။

ဥရောပကော်မရှင်က ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လ ၁၄ ရက်တွင် စတင်တင်သွင်းခဲ့သော ယခုဥပဒေသည် ဥရောပ သမဂ္ဂအနေဖြင့် ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် ၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံး ၅၅ ရာခိုင်နှုန်းလျှော့ချရန် ရည်ရွယ်ကာ ရေးဆွဲခဲ့သော ဥပဒေဖြစ်သည်။

“ဥရောပသမဂ္ဂဟာ ကာဗွန်ထုတ်လွှတ်မှု သုညအဆင့် လျှော့ချမယ့်ဆီကို သွားနေပြီဆိုတာ ဒီဥပဒေကတဆင့် ကားလုပ်ငန်းနယ်နဲ့ ဝယ်ယူသူတွေကို အချက်ပြလိုက်တာ ဖြစ်ပါတယ်။ ဥရောပ ကားထုတ်လုပ်သူတွေဟာ နောက်တစ်ဆင့်ဆီ လှမ်းတက်ဖို့ အသင့်ရှိနေတယ်လို့ ပြသထားကြပြီး ဈေးကွက်ထဲကိုလည်း တန်ဖိုးသင့် လျှပ်စစ်ကားတွေ အလုံးအရင်း ရောက်ရှိလာနေပါတယ်”ဟု European Green Deal ၏ ဒုတိယဥက္ကဌ Frans Timmerman က ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  EU approves law banning sales of new petrol, diesel cars from 2035  (spglobal)