အင်္ဂလန်တွင် မိမိတို့အိမ်ရှေ့ အမြဲကားလာရပ်နေမှုများကို ဒေသခံများ အကြံပိုင်စွာ ဖြေရှင်းပုံ

  • 2315 views

 

 

အင်္ဂလန်အနောက်မြောက်ပိုင်း မာဆေးဆိုက်ခရိုင်ရှိ Newton-le-Willows အမည်ရှိ ဈေးမြို့ကလေးတွင် မိမိတို့၏ အိမ်ရှေ့တွင် အခြားသူများ ကားလာရောက် ရပ်တန့်မှုများနှင့် ရင်ဆိုင်နေရသော ဒေသခံတစ်စုက ထိုပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းလိုက်ကြပုံကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာ ဒုက္ခပေးနေသော ပြဿနာကို ဒေသခံတို့က ဉာဏ်ကောင်းစွာဖြင့် ဖြေရှင်းခဲ့ကြသည်။

(Newton-le-Willows မြို့ခံတို့က ၎င်းတို့၏ အိမ်ရှေ့တွင် အခြားသူများ ကားရပ်နေခြင်းကို တမူထူးသော နည်းလမ်းဖြင့် ဖြေရှင်းခဲ့ကြသည်။ ဓာတ်ပုံ-Google Earth)

၎င်းတို့က လမ်းအတွင်းတွင် ကားရပ်နားမှု တားမြစ်သည့် ဆိုင်းဘုတ်များ ထောင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုဆိုင်းဘုတ်များတွင် ရေးသားထားသည်မှာ ဤလမ်းသည် လမ်းသူလမ်းသားများသာ ကားရပ်နားခွင့်ရှိသည့် နေရာဖြစ်ကြောင်း ရေးသားထားကာ မြို့ကောင်စီနှင့် ရဲတပ်ဖွဲ့တို့၏ တံဆိပ်များကို တုပရိုက်နှိပ်ထားသည်။

စင်စစ်ကား လမ်းသူလမ်းသားတို့တွင် ထိုသို့သော အခွင့်အာဏာမျိုးမရှိ။
ထိုလမ်းတွင် ကားရပ်နားသူများအား ဒဏ်ရိုက်၍ မရနိုင်ချေ။

သို့သော် ထိုဆိုင်းဘုတ်များက ကားရပ်နားမည့်သူများအား ခြောက်လှန့်ရန် ထိရောက်မှု ရှိခဲ့သည်။

“ဒီလမ်းထဲမှာ ကားတွေ လာလာရပ်ကြတာကို ကျွန်တော်တို့ ကာလကြာရှည် ရင်ဆိုင်ခဲ့ကြရသည်။ စုံတွဲတစ်တွဲဆိုရင် ဒီလမ်းထဲမှာ ကားလာရပ်ပြီး စပိန်နိုင်ငံကို ခရီးထွက်သွားတာမျိုးတောင် ရှိတယ်။”

ထိုသို့သော ဆိုင်းဘုတ်များ ၅၀ ကျော် ထောင်ထားသည်။

ထိုလမ်းအနီးတွင် နေထိုင်သူအချို့ကမူ ဝေဖန်ကြသည်။

နောက်ပိုင်းတွင် အာဏာပိုင်တို့၏ သတိပေးချက်ကြောင့် ရဲတပ်ဖွဲ့တံဆိပ်နှင့် မြို့ကောင်စီ တံဆိပ်များ ပြန်ဖျက်ခြင်း ၊ အပေါ်မှ ဖုံးအုပ်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဆိုင်းဘုတ်များကိုမူ ဆက်လက် ထားရှိခဲ့သည်။

ယာဉ်မောင်းတစ်ဦးကမူ ထိုလမ်းသူလမ်းသားတို့ကို ရေပေါ်ဆီများဟု ပြင်းပြင်းထန်ထန် ဝေဖန်သည်။

သို့သော် ဒေသခံတို့က ပြောသည်မှာ လမ်းအတွင်း ကားများ ပိတ်ဆို့နေမှုကို ကာကွယ်ရေးအတွက် လိုအပ်သောကြောင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောသည်။

လမ်းသားတစ်ဦးက “ကျွန်တော်တို့ မျဉ်းဝါ ၂ ထပ် မဆွဲခင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က လမ်း ၂ ဖက်လုံးမှာ ကားတွေ အပြည့်လာရပ်ကြတယ်။ အဖေမူးလဲသွားလို့ လူနာတင်ကားလာချိန်မှာ အိမ်ကိုလာလို့ မရခဲ့ဘူး”ဟု ပြောသည်။

St Helens ခရိုင် ကောင်စီမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “ဒီဒေသမှာ လမ်းသူလမ်းသားတွေပဲ ကားရပ်နားရမယ် ဆိုပြီး သတ်မှတ်ပေးထားတာမျိုး မရှိပါဘူး။ ဒီဆိုင်းဘုတ်တွေက ဥပဒေကြောင်း အသက်ဝင်မှု မရှိပါဘူး။ ယာဉ်မောင်းတွေအနေနဲ့ လမ်းသူလမ်းသားတွေ ၊ ခြေလျင်သွားလာသူတွေနဲ့ အရေးပေါ်ကားတွေ ဝင်နိုင်ဖို့ ထည့်သွင်းစဉ်းစားပေးပြီး လမ်းသူလမ်းသားတွေလိုပဲ အဲဒီနေရာမှာ ကားရပ်လို့ရပါတယ်”ဟု ပြောသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  We got sick of drivers parking outside our homes so we took the matter into our own hands  (the-sun)