- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည် ၊ ကွမ်ကျိုးမြို့တွင် စတင်ကျင်းပလျက်ရှိသော ကားပြပွဲ၌ EV မော်ဒယ်သစ်များစွာ ပါဝင်လာ
တရုတ်ပြည် ၊ ကွမ်ကျိုးမြို့တွင် စတင်ကျင်းပလျက်ရှိသော ကားပြပွဲ၌ EV မော်ဒယ်သစ်များစွာ ပါဝင်လာ
- 205 views
တရုတ်ပြည် ၊ ကွမ်ကျိုးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကားပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ စတင်ကျင်းပ လျက်ရှိရာ ကားမော်ဒယ်သစ်များစွာ ပါဝင်လာသည်။
Auto Guangzhou ကားပြပွဲသည် တရုတ်ပြည်တောင်ပိုင်း၏ အကြီးဆုံးမြို့ဖြစ်သော ကွမ်ကျိုးမြို့တွင် နှစ်စဉ် ကျင်းပသော ပြပွဲ ဖြစ်သည်။
Guangzhou Zhanlian Exhibition Service ကုမ္ပဏီလိမိတက်က ကမကထပြု ကျင်းပခြင်းဖြစ်ပြီး အများအားဖြင့် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည်။
EV ကား ထုတ်လုပ်သူများစွာ အခြေစိုက်ရာဖြစ်သော ကွမ်ကျိုးမြို့တွင် ကျင်းပသည့် Auto Guangzhou ကားပြပွဲသည် တရုတ်ပြည်၏ နာမည်ကြီး ကားပြပွဲများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကားမော်ဒယ်သစ်များနှင့် နည်းပညာသစ်များ မိတ်ဆက်ရန် စင်မြင့်ကောင်းတစ်ခု ဖြစ်သည်။
အောက်တွင် ယနေ့ပြပွဲ၌ စတင်မိတ်ဆက်ခဲ့သော EV အချို့ကို ဖော်ပြထားပါသည်။
(ဓာတ်ပုံ-Xpeng Motors )
Xpeng Motors ကုမ္ပဏီက ၎င်းတို့၏ မော်ဒယ်သစ်ဖြစ်သော X9 ဘက်စုံသုံး (MPV)ကို ကွမ်ကျိုး ကားပြပွဲတွင် ပထမဆုံး ချပြလာသည်။
အောက်တိုဘာလအတွင်းက “နှစ်ပတ်လည် 1024 နည်းပညာနေ့” တွင် ဖော်ထုတ်ချပြခဲ့ဖူးသော်လည်း ယခု ပြသခြင်းမှာမူ အများပြည်သူတို့ အနီးကပ်ကြည့်ရှုကာ ကားအတွင်း ဝင်ကြည့်နိုင်မည့် အခွင့်အလမ်း ပထမဆုံး ရလာခြင်း ဖြစ်သည်။
X9 ၏ ဈေးနှုန်းမှာ ယွမ်ငွေ ၃၈၈၀၀၀ (ကန်ဒေါ်လာ ၅၃၈၀၀) ဖြစ်ပြီး တရုတ်ပြည်တွင် ယွမ်ငွေ ၂၀၀၀ (ကန်ဒေါ်လာ ၂၇၇) ပေးသွင်းကာ ကြိုပွိုင့် မှာယူနိုင်မည် ဖြစ်သည်။
တရားဝင် ရောင်းချမှုမှာ ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ပြီး ကားဖြန့်ချိပေးမှုမှာ ဇန်နဝါရီတွင် စတင်မည် ဖြစ်သည်။
(ZEEKR 007)
ကွမ်ကျိုးကားပြပွဲတွင် ပွဲထုတ်လာသည့် အခြား EV မော်ဒယ်သစ်မှာ ZEEKR 007 ဖြစ်ပြီး ZEEKR ၏ ပထမဆုံး ဆီဒင်လည်း ဖြစ်သည်။
လွန်ခဲ့သော ၂ ပတ်က ZEEKR က အဆိုပါကား၏ ပုံရိပ်များကို ချပြခဲ့ဖူးသည်။
ZEEKR ၏ ဈေးနှုန်းမှာ ယွမ်ငွေ ၂၂၉၉၀၀ (ကန်ဒေါ်လာ ၃၁၉၀၀) မှ စတင်မည်ဖြစ်ကာ တရုတ်ပြည်တွင် ဇန်နဝါရီလမှ စတင်ဖြန့်ချိမည် ဖြစ်သည်။
(ဓာတ်ပုံ- ZEEKR )
ယနေ့ ကွမ်ကျိုးကားပြပွဲတွင် ပွဲထုတ်လာသည့် အခြားမော်ဒယ်သစ် ၂ မျိုးမှာ BYD နှင့် MG Motor တို့မှ ထုတ်လုပ်သော ကားများဖြစ်သည်။
BYD မှ စတင်မိတ်ဆက်လာသောကားမှာ BYD Sea Lion 07 ဖြစ်သည်။
BYD Sea Lion 07 မှာ အလျား ၄၈၃၀ မီလီမီတာ ၊ အကျယ် ၁၉၂၅ မီလီမီတာနှင့် အမြင့် ၁၆၂၀ မီလီမီတာ ရှိသည်။
ဈေးနှုန်းမှာ ယွမ် ၂၀၀၀၀၀ မှ ၂၆၀၀၀၀ ကြား (ကန်ဒေါ်လာ ၂၇၇၀၀ မှ ၃၅၉၀၀ ကြား) ကျသင့်မည် ဖြစ်သည်။
အခြားမော်ဒယ်တစ်ခုမှာ MG Motor မှ ထုတ်လုပ်သော Cyberster ဖြစ်သည်။
ထိုကားကို တရုတ်ဈေးကွက်တွင် ဝယ်ယူရရှိနေပြီဖြစ်ပြီး 0-100 km/h (0-62 mph) ကို ၃ ဒသမ ၂ စက္ကန့် အတွင်း ရရှိနိုင်သည်။
(ဓာတ်ပုံ- MG Motor)
Cyberster တွင် Glamour Edition , Style Edition နှင့် Pioneer Edition ဟူ၍ ရွေးချယ် ဝယ်ယူစရာ ၃ မျိုးရှိ ပြီး ဈေးနှုန်းများမှာ ယွမ်ငွေ ၃၁၉၈၀၀ (ကန်ဒေါ်လာ ၄၄၃၄၀) ၊ ယွမ်ငွေ ၃၃၉၈၀၀ (ကန်ဒေါ်လာ ၄၇၁၁၅) နှင့် ယွမ်ငွေ ၃၅၉၈၀၀ (ကန်ဒေါ်လာ ၄၉၉၀၀) အသီးသီး ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Guangzhou Auto Show roundup: BEV debuts from XPeng, ZEEKR, Li Auto, BYD, and more (electrek)