- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota မှ ထုတ်လုပ်ခဲ့သော ကားအစင်းရေ ပမာဏကမ္ဘာ့စံချိန်တင်ခဲ့ပြီး တစ်မိုင်လျှင် ၃ စင်းနှုန်း ထားရှိ သွားမည်ဆိုပါက ကမ္ဘာမြေမှ နေမင်းဆီအထိ ရောက်ရှိနိုင်
Toyota မှ ထုတ်လုပ်ခဲ့သော ကားအစင်းရေ ပမာဏကမ္ဘာ့စံချိန်တင်ခဲ့ပြီး တစ်မိုင်လျှင် ၃ စင်းနှုန်း ထားရှိ သွားမည်ဆိုပါက ကမ္ဘာမြေမှ နေမင်းဆီအထိ ရောက်ရှိနိုင်
- 767 views
ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ နှစ်ကာလများက ဂျပန်နိုင်ငံသည် ကမ္ဘာနှင့် အထိအတွေ့အဆက်အဆံ အလွန် နည်းပါးခဲ့သည်။
ထိုအချိန်ကတည်းက ဂျပန်သည် အရပ်ဖက်သုံးကားများ ထုတ်လုပ်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့သည်။
ဂျပန်သည် အမေရိကန် ရေတပ်စခန်းကြီးဖြစ်သော ပုလဲဆိပ်ကမ်းကို ဝင်မတိုက်မီ ၄ နှစ်အလိုတွင် ဂျပန်တွင် အမည်နာမတစ်ခု မွေးဖွားခဲ့ပြီး ထိုအမည်နာမမှာ ကမ္ဘာ့ပြည်သူတို့၏ နေ့စဉ်ဘဝတွင် ယနေ့တိုင် ထိတွေ့ရလျက် ရှိသည်။
ထိုအမည်ကား Toyota ဖြစ်သည်။
Toyota ဟု ယနေ့ ကျွန်ုပ်တို့သိနေသော ကုမ္ပဏီကို မူလက တိုယိုတာ ဂျိဒို့ရှ ကဘုရှိ ကိဂိုင်းရှ ဟူသော အမည်ဖြင့် စီးပွားရေးလုပ်ငန်းရှင် ကိအိချိဒို့ တိုယိုဒါ က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထိုကုမ္ပဏီသည် Toyoda Automatic Loom Works (နောက်ပိုင်းတွင် Toyota Industries ဟုခေါ်) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။
Toyota မှ ပထမဆုံးထုတ်လုပ်ခဲ့သည်မှာ Model G1 အမည်ရှိ ထရပ်ကားဖြစ်ပြီး ၁၉၃၅ ခုနှစ် သြဂုတ်လတွင် စတင်ထုတ်လုပ်ခဲ့သည်။
သို့ရာတွင် များစွာ ထုတ်လုပ်ခဲ့ခြင်းမရှိဘဲ အစင်းရေ ၃၇၉ သာ ထုတ်လုပ်ခဲ့သည်။
တိုယိုတာက လူသုံးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် လေးဘီးတပ်ယာဉ်များ ထွန်းကားလာနိုင်သည့် အလားအလာကို သုံးသပ်မိပြီး ထိုကဏ္ဍတွင် အခြေစိုက်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ချပြီး ၈၈ နှစ်နှင့် ၂ လအကြာတွင် တိုယိုတာ၏ ကားထုတ်လုပ်မှု ပမာဏမှာ သမိုင်းမှတ်တိုင် တစ်ခု တင်နိုင်ခဲ့ပြီး ထိုသမိုင်းမှတ်တိုင်မျိုးကို ကမ္ဘာပေါ်တွင် အမေရိကန်မှ ဖို့ဒ်ကုမ္ပဏီသာ လိုက်မှီနိုင်ခဲ့သည်။
ယခုအခါ တိုယိုတာသည် ကမ္ဘာ့ကားထုတ်လုပ်မှုတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး နှစ်စဉ်ကားထုတ်လုပ်မှု အစင်းရေ ၁၀ သန်းခန့် အမြဲရှိသည်။
ထိုသို့ မယုံနိုင်ဖွယ် ထုတ်လုပ်မှု ပမာဏကြောင့် ယခုနှစ်အတွင်း တိုယိုတာသည် အစင်းရေ သန်း ၃၀၀ မြောက် ကားကို ထုတ်လုပ်ကာ သမိုင်းမှတ်တိုင် တင်နိုင်ခဲ့သည်။
အစင်းရေ သန်း ၃၀၀ မြောက်ကား ထုတ်လုပ်မှုကို တိုယိုတာက ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၆ ရက်တွင် တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။
ပျမ်းမျှအားဖြင့်ဆိုလျှင် တိုယိုတာသည် တစ်နှစ်လျှင် ကားအစင်းရေ ၃ ဒသမ ၄ သန်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
တိုယိုတာမှ ထုတ်လုပ်ခဲ့သော ကားအရေအတွက်မှာ အင်ဒိုနီးရှားနှင့် ထိုင်ဝမ်တို့မှ ပြည်သူများကို တစ်ဦးလျှင် ကားတစ်စီးပေးနိုင်သော ပမာဏ ဖြစ်သည်။
ထိုဥပမာမှာ သဘောပေါက်ရန် ခက်ခဲသည်ဆိုပါက နောက်တစ်မျိုးကြည့်ပါ။
ကမ္ဘာမြေမှ နေသို့ အကွာအဝေးမှာ အကြမ်းဖျင်းအားဖြင့် မိုင်ပေါင်း ၉၃ သန်း(ကီလိုမီတာ သန်း၁၅၀ ခန့်) ဖြစ်သည်။
တိုယိုတာမှ ထုတ်လုပ်ခဲ့သောကားများကို တစ်မိုင်လျှင် ၃ စင်းနှုန်းထားမည်ဆိုပါက ကမ္ဘာမှ နေအထိ ရောက်ရှိ နိုင်သည်။
တိုယိုတာသည် ဂျပန်ပြည်တွင်းစက်ရုံများမှ စုစုပေါင်း ကားအစင်းရေ ၁၈၀ ဒသမ ၅၂ သန်း ထုတ်လုပ်ခဲ့ပြီး ပြည်ပစက်ရုံများမှ ၁၁၉ ဒသမ ၆ သန်း ထုတ်လုပ်ခဲ့သည်။
အများဆုံး ထုတ်လုပ်ခဲ့သော မော်ဒယ်မှာ ကိုရိုလာ ဖြစ်သည်။
ကိုရိုလာကို ၁၉၆၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး စုစုပေါင်းအစင်းရေ ၅၃ ဒသမ ၃၉၉ သန်း ထုတ်လုပ်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota Made So Many Cars You Could Park 3 of Them Every Mile Between the Earth and Sun (autoevolution)