ရန်ကုန်မှာ (၁၀ )လအတွင်း ယဉ်တိုက်မှု (၇၀၀) ကျော်ရှိပြီး လူ (၃၅၀) ကျော်သေဆုံး

  • 93 views


အခုနှစ် (၂၀၂၃)ခုနှစ် (၁၀)လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်တိုက်မှု(၇၁၂)မှုရှိခဲ့ပြီး လူ(၃၅၆)ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကနေ သိရပါတယ်။ အခုသေဆုံးခဲ့တဲ့ပမာဏဟာ အရင်နှစ်ထက် (၁၃)ဦးလျော့နည်းတယ်လို့လည်း သိရပါတယ်။

အရင်(၂၀၂၂)ခုနှစ်က အောက်တိုဘာလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်တိုက်မှု (၇၈၃)မှုရှိခဲ့ပြီး သေဆုံးသူ(၃၆၉)ဦးရှိခဲ့တာပါ။ ထိခိုက်ဒဏ်ရာရရှိသူကတော့ (၇၈၂)ဦးရှိခဲ့ပါတယ်။ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ပြည်တွင်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဦးရေလျော့နည်းအောင် စီမံချက်ရေးဆွဲလုပ်ဆောင်နေတာပါ။ မြန်မာတစ်နိုင်ငံလုံးမှာဆိုရင် မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်ကလွဲလို့ ကျန်တဲ့တိုင်းဒေသကြီးပြည်နယ်တွေမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေလျော့နည်းနေပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်အားလုံးဟာ လူပယောဂကြောင့်ဖြစ်တာများပြီး ဖွံ့ဖြိုဆဲ နိုင်ငံတွေမှာဆိုရင် လမ်းညွှန်ဆိုင်းဘုတ်အမှတ်အသားတွေ မပြည့်စုံတာကြောင့်လည်း ယာဉ်တိုက်မှုဖြစ်ပွားမှုနှုန်းမြင့်တက် နေတယ်လို့ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ပြောဆိုထားတာလည်း ရှိပါတယ်။ အခုဆိုရင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ယာဉ်တိုက်မှုလျော့နည်းစေဖို့နဲ့ လူသေဆုံးမှု နည်းပါးစေဖို့ မြေပြင်ကွင်းဆင်း သုတေသနပြုလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com