• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် ဗြိတိန်တွင် မောင်းသူမဲ့ ဘတ်စ်ကားများ ပေါ်ပေါက်လာပြီး အလုပ်အကိုင်ပေါင်း ၄၀၀၀၀ နီးပါး ဖန်တီးပေးနိုင်မည်ဟုဆို

၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် ဗြိတိန်တွင် မောင်းသူမဲ့ ဘတ်စ်ကားများ ပေါ်ပေါက်လာပြီး အလုပ်အကိုင်ပေါင်း ၄၀၀၀၀ နီးပါး ဖန်တီးပေးနိုင်မည်ဟုဆို

  • 69 views

 

ဗြိတိန်တွင် ယခုဆယ်စုနှစ်ကုန်သို့ ရောက်လျှင် အလိုအလျောက် မောင်းနှင်သော မော်တော်ယာဉ်များ ဥပဒေ အရ မောင်းသူမဲ့ ဘတ်စ်ကားများနှင့် Delivery လော်ရီကားများ ပေါ်ပေါက်လာမည် ဖြစ်ပြီး အလုပ်အကိုင် နေရာပေါင်း ၄၀၀၀၀ နီးပါး ဖန်တီးပေးနိုင်မည့်အပြင် တချိန်တည်းတွင် ယာဉ်အန္တရာယ် ဘေးကင်းမှု ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးတို့က ပြောသည်ဟု Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကွန်ပြူတာထိန်းချုပ် မော်တော်ယာဉ်များအပေါ် ကန့်သတ်မှုများ ဖြေလျော့ပေးမည့် အလိုအလျောက် မောင်းနှင်သော မော်တော်ယာဉ်များ ဥပဒေနှင့် စပ်လျဉ်းသည့် အစီအစဉ်များ ဗြိတိန်ဘုရင်မင်းမြတ်က ချပြခဲ့သည်။

ယာဉ်တိုက်မှုများစွာမှာ လူတို့၏ အမှားများကြောင့် ဖြစ်ရာ ထိုအချက်ကို ဖယ်ရှားပေးနိုင်ခြင်းအားဖြင့် ယာဉ်အန္တရာယ် ပိုမိုကင်းရှင်းစေမည်ဟု ဆိုသည်။

အဆိုပါ ဥပဒေတွင် ခရီးသည်များအတွက် ဥပဒေအကာအကွယ်ပေးမှု ပါဝင်မည်ဖြစ်ပြီး ယာဉ်ပိုင်ဆိုင်သော ကုမ္ပဏီက တာဝန်ယူရမည်ဟု ဆိုသည်။

မောင်းသူမဲ့ မော်တော်ယာဉ်များကို ကုန်စည် ဖြန့်ချိခြင်း ၊ လယ်ယာစိုက်ပျိုးခြင်းနှင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတို့တွင် အသုံးပြုဖွယ် ရှိသည်။

 

 

(အမေရိကန်ပြည် ၊ ဆန်ဖရန်စစ္စကိုတွင် မောင်းသူမဲ့ အငှားယာဉ်များ အသုံးပြုနေပြီ ဖြစ်သည်။)

 

 

(ဆွီဒင်နိုင်ငံတွင် ၂၀၁၈ ခုနှစ်ကတည်းက မောင်းသူမဲ့ ဘတ်စ်ကားများ စတင်အသုံးပြုခဲ့သည်။ ထိုကားများတွင် စတီယာရင် မပါချေ။ GPS ကို အသုံးပြုပြီး တစ်နာရီလျှင် ၂၀ ကီလိုမီတာနှုန်းဖြင့်သာ မောင်းနှင်သည်။ အရေးပေါ် အခြေအနေတွင် ယာဉ်ကို ထိန်းချုပ်ပေးရန် ဘတ်စ်ကားပေါ်တွင် ဝန်ထမ်းတစ်ဦး ပါဝင်သည်။ )

 

 

ဗြိတိန်ဝန်ကြီးတို့က ပြောသည်မှာ ၂၀၃၅ ခုနှစ်သို့ ရောက်လျှင် အဆိုပါ ဈေးကွက်မှာ ပေါင် ၄၁ ဒသမ ၇ ဘီလီယံ တန်ကြေးရှိနိုင်ပြီး အလုပ်အကိုင်နေရာပေါင်း ၃၈၀၀၀ ခန့် ဖန်တီးပေးနိုင်ဖွယ်ရှိကြောင်း ပြောသည်။

ဗြိတိန်တွင် ၂၀၂၁ ခုနှစ်အတွင်း ယာဉ်တိုက်မှုများ၏ ၈၈ ရာခိုင်နှုန်းမှာ လူသားတို့၏ အမှားကြောင့် ဖြစ်ခဲ့ ကြောင်း ၎င်းတို့က ထောက်ပြသည်။

ဗြိတိန်သည် မောင်းသူမဲ့ နည်းပညာတွင် အမေရိကန်ကဲ့သို့ အခြားသောနိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျနေ ခြင်းအပေါ် စိုးရိမ်မှုများ ရှိနေသည်။

မောင်းသူမဲ့ နည်းပညာကုမ္ပဏီ Wayve ၏ တည်ထောင်သူ ၊ အမှုဆောင်အရာရှိချုပ် Alex Kendall က “မောင်းသူမဲ့ ကားတွေအတွက် ဥပဒေပြဌာန်းဖို့ အစိုးရက ကြေညာလိုက်တာဟာ ဗြိတိန်အစိုးရအနေနဲ့ အနာဂတ် သယ်ယူပို့ဆောင်ရေးအတွက် ဆန်းသစ်မှုတွေ ပြုလုပ်နေပြီဆိုတာ ကမ္ဘာကို အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

မောင်းသူမဲ့ ကားများနှင့် စပ်လျဉ်းပြီး ယာဉ်တိုက်မှု ပြဿနာအပြင် ပြန်ပေးဆွဲခံရနိုင်မှု အလားအလာများအပေါ် ရတတ်မအေး ဖြစ်မှုများလည်း ရှိသည်။

အကြမ်းဖက်သမားများက မောင်းသူမဲ့ကားများ၏ ကွန်ပြူတာစနစ်ကို Hack ကာ ကြောက်မက်ဖွယ် တိုက်ခိုက်မှု များ ပြုလုပ်ရန် လက်နက်အဖြစ် သုံးလာနိုင်ကြောင်း သတိပေးမှုများလည်း ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Driverless buses and delivery lorries could be on UK roads by 2030 under automated vehicles law that ministers say may create 38,000 jobs and increase road safety - with  passengers protected from legal action if they crash (dailymail)