- ပင်မစာမျက်နှာ
- ကားသတင်းများ
- အင်္ဂလန်တွင် မိုင် ၂၀ ထက် ကျော်လွန်မောင်းနှင်သူများကို အပြစ်ပေးနေရသော တရားသူကြီးတစ်ဦး စိတ်မသက်မသာခံစားရကာ ရာထူးမှ နှုတ်ထွက်
အင်္ဂလန်တွင် မိုင် ၂၀ ထက် ကျော်လွန်မောင်းနှင်သူများကို အပြစ်ပေးနေရသော တရားသူကြီးတစ်ဦး စိတ်မသက်မသာခံစားရကာ ရာထူးမှ နှုတ်ထွက်
- 79 views
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် အချို့နေရာများ၌ တစ်နာရီလျှင် မိုင် ၂၀ နှုန်းဖြင့်သာ မောင်းနှင်ရန် စည်းကမ်းသတ်မှတ်ထားရာ အဆိုပါ စည်းကမ်းဖောက်ဖျက်သူများအား အပြစ်ပေးနေရသော တရားသူကြီးတစ်ဦးမှာ စိတ်မသက်မသာ ခံစားရကာ ရာထူးမှ နှုတ်ထွက်သွားကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
နစ်ခ် ကောဘွန်း (Nick Colbourne) သည် ဝေလပြည်နယ်မြောက်ပိုင်း Wrexham နှင့် Mold မြို့များတွင် တရားသူကြီးအဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၎င်းက ပြောသည်မှာ ဝေလ လေဘာပါတီ (Welsh Labour) အပေါ် လွန်စွာစိတ်ပျက်မိကြောင်း၊ အဆောက်အအုံ များပြားသောနေရာများ အားလုံးတွင် တစ်နာရီလျှင် မိုင် ၂၀ နှုန်းဖြင့်သာ မောင်းနှင်ရန် ကန့်သတ်ချက် ထုတ်ပြန်ရာတွင် တိုင်ပင်မှု အလွန်နည်းပါးခဲ့ကြောင်း ပြောသည်။
မစ္စတာ ကောဘွန်းသည် Wrexham မြို့အနီးရှိ Ruabon ကျေးရွာကလေးတွင် လေဘာပါတီ၏ ခရိုင် ကောင်စီဝင်အဖြစ် ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ရာဇဝတ်တရားသူကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ရန် ကမ်းလှမ်းခံခဲ့ရခြင်း ဖြစ်သည်။
ထိုဒေသတွင် မစ္စတာ ကောဘွန်းသည် ရဲအရာရှိအဖြစ် ကင်းလှည့်ခဲ့ဖူးသည်။
မစ္စတာ ကောဘွန်းက ပြောသည်မှာ တစ်နာရီ မိုင် ၂၀ နှုန်းကန့်သတ်ချက် ချိုးဖောက်သူတို့အရေး ကိုင်တွယ်ရ သည်မှာ မသက်မသာခံစားရကြောင်း ၊ စည်းကမ်းချိုးဖောက်သူတို့သည် ဒဏ်ငွေ ပေါင် ၁၀၀ ၊ တရားရုံးစရိတ် ပေါင် ၁၁၀ နှင့် အပိုကြေး ပေါင် ၄၀ တို့ ပေးဆောင်ကြရကြောင်း ပြောသည်။
“ဒီဥပဒေထုတ်တဲ့ နိုင်ငံရေးသမားတွေအတွက်က ပြောရတာက လွယ်ပါတယ်။ ဒါပေမဲ့ သူတို့က ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတာ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့နဲ့ ရာဇဝတ်တရားသူကြီးတွေက လူတွေရဲ့ဒေါသနဲ့ ရင်ဆိုင်ကြ ရတာပါ။ ကျွန်တော်ကတော့ ရင်မဆိုင်တော့ပါဘူး။”
(မစ္စတာ နစ်ခ်ကောဘွန်းသည် ဝေလပြည်မြောက်ပိုင်းတွင် တရားသူကြီးအဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။)
မိုင် ၂၀ နှုန်း သတ်မှတ်ထားသော်လည်း လူငယ်တို့မှာ မိုင် ၆၀ ၊ ၇၀ ခန့် မောင်းနှင်လျက် ရှိကြသည်။
မစ္စတာ ကောဘွန်းသည် အသက် ၁၉ နှစ်အရွယ်တွင် ရဲအရာရှိဖြစ်လာခဲ့ပြီး သမီး ၂ ယောက်ရှိသည်။
တစ်နာရီ မိုင် ၃၀ နှုန်းမှ မိုင် ၂၀ နှုန်းသို့ လျှော့ချကန့်သတ်လိုက်ချိန်တွင် မိမိမှာ နိုင်ငံ၏ပြင်ပတွင် ရောက်နေ ကြောင်း ၎င်းက ပြောသည်။
“ဒါက တရားရုံးနဲ့ မတူတော့ဘူး။ နှံပြည်စုတ်ကို အမြှောက်နဲ့ချိန်နေသလိုမျိုးလို့ ခံစားရတယ်။”
“တချို့လူတွေဆိုရင် တစ်ကြိမ်ထက်ပိုပြီး အဖမ်းခံကြရတယ်။ အမှတ်ပေါင်းစနစ်နဲ့ သွားတာဖြစ်ပြီး စည်းကမ်း ချိုးဖောက်မှု ၁၂ မှတ်အထိ ရှိသွားရင် ယာဉ်မောင်းခွင့် ၆ လအပိတ်ခံရပါတယ်။”
“ပြီးခဲ့တဲ့ လအနည်းငယ်လောက်က တစ်နာရီကို ၆၂ မိုင်နှုန်း မောင်းခဲ့တဲ့ လူတစ်ယောက်ကို တရားရုံးမှာ စစ်ဆေးခဲ့ရတယ်။ သူမောင်းတဲ့နေရာဟာ လေထုညစ်ညမ်းမှု ကာကွယ်ဖို့အတွက် တစ်နာရီကို မိုင် ၅၀ နှုန်း သတ်မှတ်ထားတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမောင်းတာက လျှပ်စစ်ကားမောင်းတာပါ။”
(ဝေလ လေဘာပါတီ (Welsh Labour) အပေါ် လွန်စွာစိတ်ပျက်မိကြောင်း၊ အဆောက်အအုံများပြားသော နေရာများ အားလုံးတွင် တစ်နာရီလျှင် မိုင် ၂၀ နှုန်းဖြင့်သာ မောင်းနှင်ရန် ကန့်သတ်ချက် ထုတ်ပြန်ရာ၌ တိုင်ပင်မှု အလွန်နည်းပါးခဲ့ကြောင်း မစ္စတာ ကောဘွန်းက ပြောသည်။)
“လျှပ်စစ်ကား မောင်းတဲ့သူက ဘယ်လိုများ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်မှာလဲ။ သူတို့အတွက် ဒါက တရားမျှတမှု မရှိနိုင်ပါဘူး။”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Welsh magistrate quits due to 'unease' over punishing people for breaking 20mph speed limit - saying the rollout was 'done with very little consultation - just imposed' (dailymail)