- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD ထုတ် ATTO 3 လျှပ်စစ်ကား ထိုင်းနိုင်ငံ၏ အရောင်းရဆုံး EV အဖြစ် ၃ လ ဆက်တိုက် ထိပ်ဆုံးတွင်ရပ်တည်ခဲ့
တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD ထုတ် ATTO 3 လျှပ်စစ်ကား ထိုင်းနိုင်ငံ၏ အရောင်းရဆုံး EV အဖြစ် ၃ လ ဆက်တိုက် ထိပ်ဆုံးတွင်ရပ်တည်ခဲ့
- 130 views
တရုတ်နိုင်ငံ၏ ထိပ်သီး လျှပ်စစ်ကား (EV) ထုတ်လုပ်ရေးကုမ္ပဏီကြီး BYD မှ ထုတ်လုပ်သော ATTO 3 လျှပ်စစ်ကားသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ အရောင်းရဆုံး EV အဖြစ် ၃ လဆက်တိုက် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သော Yidaiyilu ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Shanghai Securities News သတင်းတွင် ဖော်ပြချက်အရ မတ်လအတွင်း ကားအစင်းရေ ၂၄၃၄ စင်း မှတ်ပုံတင်ခဲ့ကြောင်း ဖော်ပြသည်။
၂၀၂၃ ခုနှစ် ပထမ ၃ လပတ်အတွင်း ထိုင်းနိုင်ငံတွင် ATTO 3 အစင်းရေ စုစုပေါင်း ၅၅၄၂ မှတ်ပုံတင်ခဲ့ရာ ထိုကာလအတွင်း ထိုင်းတွင် မှတ်ပုံတင်ခဲ့သော EV စုစုပေါင်း၏ ၃၇ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်။
ထိုင်းတွင် ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်အတွင်း မှတ်ပုံတင်ခဲ့သော ကားအစင်းရေ စုစုပေါင်းမှာ ၁၄၇၇၇ စင်း ရှိသည်။
BYD ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် ATTO 3 ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်မိတ်ဆက် ခဲ့ရာ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ အစင်းရေ ၁၀၃၀၅ မှာယူခဲ့ကြကြောင်း ဖော်ပြသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် BYD သည် ထိုင်းဈေးကွက်သို့ ATTO 3 အစင်းရေစုစုပေါင်း ၁၁၅၃၉ တင်ပို့ခဲ့သည်။
BYD သည် ၎င်းတို့ကုမ္ပဏီထုတ် အခြား EV မော်ဒယ်တစ်ခုဖြစ်သော Dolphin ကိုလည်း ထိုင်းဈေးကွက်တွင် မိတ်ဆက်ခဲ့သည်။
ဧပြီလမတိုင်မီက မှာယူခဲ့သော Dolphin ကားများကို ထိုင်းသို့ ယခုနှစ် ဇူလိုင်လ ၁ ရက်တွင် ပေးပို့ခဲ့ကြောင်း BYD ၏ အာရှ-ပစိဖိတ်ဒေသ ကားအရောင်းဌာန အထွေထွေမန်နေဂျာ Liu Xueliang က ပြောသည်။
BYD သည် ထိုင်းတွင် ကားစက်ရုံတစ်ခုလည်း တည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု များ စတင်ရန် စီစဉ်ထားပြီး ထိုင်းနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံတို့၏ ဈေးကွက်လိုအပ်ချက်များကို ဖြည့်တင်း ပေးသွားမည် ဖြစ်သည်။
BYD သည် ယခုနှစ် ဇန်နဝါရီလတွင် ထိုင်း၏ အရောင်းရဆုံး EV အဖြစ် ထိပ်ဆုံး၌ စတင်ရပ်တည်ခဲ့ပြီး ဖေဖော်ဝါရီနှင့် မတ်လများတွင်လည်း ထိပ်ဆုံးနေရာတွင်ပင် ဆက်လက်ရပ်တည်ခဲ့သည်။
ATTO 3 သည် အားတစ်ကြိမ်သွင်းထားလျှင် ၄၀၀ ကီလိုမီတာကျော် မောင်းနှင်နိုင်သော EV SUV ဖြစ်သည်။
Tesla သည် ထိုင်းသို့ ယခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းတို့၏ EV များ စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ပြီး ပထမ ၃ လပတ် အရောင်းရဆုံး EV များစာရင်းတွင် တတိယနေရာ၌ ရပ်တည်ခဲ့သည်။
ထိုင်း၏ ပထမ ၃ လပတ် အရောင်းရဆုံး EV များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ BYD ATTO 3 ၅၅၄၂ စင်း ၊ ဈေးကွက်ဝေစု ၃၇ ဒသမ ၅ ရာခိုင်နှုန်း
၂။ Neta V ၂၅၀၂ ၊ ၁၆ ဒသမ ၉ ရာခိုင်နှုန်း
၃။ Tesla Model Y ၁၅၉၃ ၊ ၁၀ ဒသမ ၈ ရာခိုင်နှုန်း
၄။ Ora Good Cat ၉၉၀ ၊ ၆ ဒသမ ၇ ရာခိုင်နှုန်း
၅။ MG 4 Electric ၈၇၂ ၊ ၅ ဒသမ ၉ ရာခိုင်နှုန်း
၆။ MG EP ၈၃၇ ၊ ၅ ဒသမ ၇ ရာခိုင်နှုန်း
၇။ MG ZS EV ၇၆၈ ၊ ၅ ဒသမ ၂ ရာခိုင်နှုန်း
၈။ Tesla Model 3 ၆၇၀ ၊ ၄ ဒသမ ၅ ရာခိုင်နှုန်း
၉။ Volvo XC40 ၃၂၅ ၊ ၂ ဒသမ ၂ ရာခိုင်နှုန်း
၁၀။ Volvo C40 ၂၀၀ ၊ ၁ ဒသမ ၄ ရာခိုင်နှုန်း
ATTO 3 ကို ထိုင်းတွင် ရောင်းချသော ဈေးနှုန်းမှာ ဘတ်ငွေ ၁ ဒသမ ၂ သန်း (ကန်ဒေါ်လာ ၃၅၀၀၀) ဖြစ်ပြီး တရုတ်ပြည်တွင် ယွမ်ငွေ ၁၃၉၈၀၀ (ကန်ဒေါ်လာ ၂၀၃၀၀)၊ ဥရောပတွင် ယူရို ၃၈၀၀၀ (ကန်ဒေါ်လာ ၄၁၄၀၀) တို့ဖြင့် ရောင်းချသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD ATTO 3 model tops Thailand's EV sales for 3 consecutive months (yidaiyilu, carnewschina)