- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျပန်တွင် အရောင်းအသွက်ဆုံးအဖြစ် ထိပ်ဆုံးတွင် နေရာယူထားသော ဒေါ်လာ ၁၃၀၀၀ တန် EV ကားငယ်လေး
ဂျပန်တွင် အရောင်းအသွက်ဆုံးအဖြစ် ထိပ်ဆုံးတွင် နေရာယူထားသော ဒေါ်လာ ၁၃၀၀၀ တန် EV ကားငယ်လေး
- 365 views
Tesla သည် တကမ္ဘာလုံး၏ EV ဈေးကွက်ကို လွှမ်းမိုးထားနိုင်မည်ဖြစ်သော်လည်း ဂျပန်ဝယ်လက်တို့ အကြားတွင်မူ ဒေါ်လာ ၁၃၀၀၀ တန် လျှပ်စစ်ကားငယ်လေးမှာ အရောင်းရဆုံး ဖြစ်နေသည်။
Bloomberg သတင်းဌာနမှ စုစည်းရရှိထားသော အချက်အလက်များအရ Nissan နှင့် Mitsubishi တို့ ပူးပေါင်းကာ ထုတ်လုပ်ထားသော Sakura အမည်ရှိ ဒေါ်လာ ၁၃၀၀၀ တန် ကားငယ်လေးမှာ ၂၀၂၃ ခုနှစ်အတွင်း ဂျပန်တွင် အရောင်းရဆုံး EV အဖြစ် ရပ်တည်လျက်ရှိသည်ဟု ဆိုသည်။
Sakura ၏ ရောင်းအားမှာ ယခုနှစ်အတွင်း ဂျပန်တွင် ရောင်းချခဲ့သော စုစုပေါင်း EV ကားအရေအတွက်၏ ထက်ဝက်ခန့်အထိ ရှိနေသည်။
Sakura ကို ဂျပန်တွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း စတင်မိတ်ဆက်ခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် ဂျပန်ပြည်သူပြည်သားများအကြား ကျော်ကြားခဲ့ကာ ၂၀၂၂ ခုနှစ် ဂျပန်၏ car of the year အဖြစ် ရွေးချယ်ခံခဲ့ရသည်။
Sakura သည် အလျား ၁၁ ပေရှိပြီး အားတစ်ခါသွင်းထားလျှင် ၁၈၀ ကီလိုမီတာ မောင်းနိုင်ပြီး အမြင့်ဆုံး အမြန်နှုန်း တနာရီလျှင် ၁၃၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်သည်။
(Nissan Sakura ၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-SOPA Images/Getty Images)
Sakura သည် ဂျပန်တွင် ယခုနှစ်အတွင်း အစင်းရေ ၃၅၀၉၉ ရောင်းချထားရရာ Tesla အပါအဝင် ပြိုင်ဖက်များ ထက် အပြတ်အသတ် သာလွန်လျက်ရှိသည်။
Elon Musk ဦးဆောင်သော Tesla သည် အနောက်နိုင်ငံဈေးကွက်များတွင် ဦးဆောင်လျက်ရှိသော်လည်း ဂျပန်တွင်မူ Kei car ဟု လူသိများသော EV ကားငယ်လေးများ၏ နောက်တွင် နောက်ကောက်ကျလျက် ရှိနေသည်။
ဂျပန်နိုင်ငံသည် Tesla အတွက် ပိုမိုစိန်ခေါ်မှုရှိသော ဈေးကွက်ဖြစ်လာနေသည်။
Tesla သည် ယခုနှစ်အစောပိုင်းက ဂျပန်တွင် Model 3 နှင့် Model Y တို့၏ ဈေးနှုန်းများ လျှော့ချပေးထား သေးသည်။
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ကျောထောက်နောက်ခံပေးထားသော တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး BYD သည် တကမ္ဘာလုံးဈေးကွက်တွင် Tesla ကို အမှီလိုက်လျက်ရှိပြီး ဂျပန်တွင် ယခုနှစ် ဇန်နဝါရီမှစတင်ကာ ၎င်းတို့၏ EV များ ရောင်းချလျက်ရှိသည်။
Kei car တို့သည် ဂျပန်တွင် အထူးရေပန်းစားကျော်ကြားလျက်ရှိပြီး အထူးသဖြင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် နည်းပါးသော ကျေးလက်ဒေသများတွင် ပိုမိုကျော်ကြားသည်။
Kei car ၏ အမြွှာဟုဆိုနိုင်သော Kei Truck တို့သည်လည်း မကြာသေးမီနှစ်များအတွင်း အမေရိကန်ဈေးကွက် တွင် ဝယ်လိုအား အလွန်မြင့်တက်လာနေသည်။
(Daihatsu Hijet ကဲ့သို့ Kei Truck များမှာ အမေရိကန်တွင် အလွန်ကျော်ကြားလာနေသည်။ ဓာတ်ပုံ-Toru Yamanaka/Getty Images)
Suzuki Carry နှင့် Daihatsu Hijet တို့ကဲ့သို့ အလျား ၁၁ ပေရှိ ပစ်ကပ်ထရပ်တို့မှာ ဒေါ်လာ ၅၀၀၀ မျှဖြင့် ရနိုင်ရာ စရိတ်နည်းစွာဖြင့် လုပ်ငန်းလည်ပတ်နိုင်ကြသည်။
ထိုကားများသည် အမေရိကန်၏ ကျေးလက်ဒေသများတွင် အလွန်ကျော်ကြားလူကြိုက်များလျက်ရှိပြီး မွေးမြူရေးခြံများတွင် အသုံးပြုခြင်း၊ Delivery ကားအဖြစ် သုံးခြင်းနှင့် ပျားမွေးမြူရေးလုပ်ငန်းတို့အတွက် အသုံးပြုကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Forget Tesla – this $13,000 tiny car is Japan's best-selling EV (news.yahoo)