• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗီယက်နမ်ကားကုမ္ပဏီ Vinfast က အမေရိကန်မှာ ဈေးကွက်ပြိုင်ဆိုင်မှုပြင်းထန်ကာ စိန်ခေါ်မှုများရှိနေ သော်လည်း EV များ တင်ပို့ရောင်းချမည်ဟုဆို

ဗီယက်နမ်ကားကုမ္ပဏီ Vinfast က အမေရိကန်မှာ ဈေးကွက်ပြိုင်ဆိုင်မှုပြင်းထန်ကာ စိန်ခေါ်မှုများရှိနေ သော်လည်း EV များ တင်ပို့ရောင်းချမည်ဟုဆို

  • 144 views

 

ဗီယက်နမ်ကားကုမ္ပဏီ Vinfast သည် ဇီဇာကြောင်သော အမေရိကန်တို့ထံ ၎င်းတို့ကုမ္ပဏီထုတ် လျှပ်စစ် ကားများ ရောင်းချနိုင်မည်ဆိုပါက အခြားမည်သည့်နေရာတွင်မဆို ရောင်းနိုင်လိမ့်မည်ဟု လောင်းကြေးထပ်ကာ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်သော အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

Vinfast ၏ စီအီးအို Le Thi Thu Thuy က အေပီသတင်းဌာနသို့ မကြာသေးမီက ပြောခဲ့သည်မှာ အမေရိကန်ဈေးကွက်မှာ ခက်ခဲကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် အမေရိကန်တွင် EV အစင်းရေ ၂၀၀၉ စင်းသာ ရောင်းချထားရကြောင်း၊ ထိုပမာဏမှာ အမေရိကန် EV ဈေးကွက်၏ ၁ ရာခိုင်နှုန်းမျှသာရှိကြောင်း ပြောသည်ဟု Motorintelligence က ဖော်ပြသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် Vinfast သည် ယခုနှစ် ဧပြီမှ စက်တင်ဘာအထိ EV အစင်းရေ ၁၉၅၆၂ သာ ရောင်းချထားရရာ ၂၀၂၃ ခုနှစ် ရည်မှန်းချက်ဖြစ်သော အစင်းရေ ၅၀၀၀၀ အောက် များစွာနည်းပါးနေ သေးသည်။

 

 

သို့သော် Vinfast အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများ လျှော့ချနိုင်ရေးအတွက် EV များဆီသို့ ကူးပြောင်းနေကြသော ကမ္ဘာ့နိုင်ငံများ၏ ရေစီးကြောင်းနှင့်အတူ လိုက်ပါမည်ဟု ကတိပြုကြောင်း ဟနွိုင်းမြို့ရှိ Vinfast ၏ သားနားသော ရုံးချုပ်တွင် အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ စီအီးအို Thuy က ပြောခဲ့သည်။

တင်းကြပ်သော စည်းမျဉ်းများ၊ သတင်းမီဒီယာတို့၏ စေ့စပ်စွာစိစစ်မှုများ၊ Vinfast ၏ အကြံပေးတို့၏ ကန့်ကွက်မှုများကြားမှ အမေရိကန်ဈေးကွက်ကို ဦးစားပေးခဲ့ခြင်းမှာ ချင့်ချိန်ချမှတ်ခဲ့ရသည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်းလည်း သူမက ပြောသည်။

“အလွန်ခက်ခဲတဲ့ဈေးကွက်မှာ ကျွန်မတို့ လူသိများထင်ရှားလိုပါတယ်။ ကျွန်မတို့ရဲ့ အကြောင်းပြချက်ကတော့ အလွန်ရိုးရှင်းပါတယ်။ အဲဒီမှာ နေရာရနိုင်မယ်ဆိုရင် လူတွေက ကျွန်မတို့ကို ယုံကြည်လာပါလိမ့်မယ်”ဟု Thuy က ဆိုသည်။

“ဒါက ခွင့်ပြုချက် တံဆိပ်တုံးလိုမျိုးပဲ။ ဒါပေမယ့် အရမ်းခက်ပါတယ်”

 

 

Vinfast သည် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သော Vingroup ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည်။

Vingroup သည် ၁၉၉၀ ပြည့်လွန်ကာလများတွင် ယူကရိန်းနိုင်ငံ၌ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် စတင်ခဲ့သည်။

ထိုကုမ္ပဏီသည် Haiphong မြို့အနီးရှိ ပင်လယ်ကမ်းခြေ စက်ရုံတစ်ခုတွင် ၂၀၁၉ ခုနှစ်အတွင်း ကားများ စတင်ထုတ်လုပ်ခဲ့သည်။

 

 

ထိုစက်ရုံတွင် ရိုဘော့စက်လက်တံများဖြင့် ကားဖရိန်များ၊ တံခါးများနှင့် အခြားအစိတ်အပိုင်းများကို တပ်ဆင်ခြင်း၊ ဆေးမှုတ်ခြင်းတို့ပြုလုပ်ကာ ကားများထုတ်လုပ်သည်။

ယခုနှစ် သြဂုတ်လအလယ်ပိုင်းတွင် Vinfast က Nasdaq ရှယ်ယာဈေးကွက်၌ ၎င်းတို့၏ ရှယ်ယာများ စတင်ရောင်းချပေးခဲ့ရာ ရှယ်ယာတစ်စုလျှင် ၈၂ ဒသမ ၃၅ ဒေါ်လာအထိ ၂ ဆကျော် ထိုးတက်ရောင်းချခဲ့ရပြီး General Motors Corp. နှင့် Ford Motor Co တို့ထက် ဈေးကွက်တန်ဖိုးမြင့်မားခဲ့သည်။
လက်ရှိအချိန်တွင်မူ ၅ ဒသမ ၇၀ ဒေါ်လာ ဈေးပေါက်နေသည်။

 

ယခုအခါ Vinfast က အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Raleigh မြို့ အနောက်တောင်ဘက်တွင် ကန်ဒေါ်လာ ၄ ဘီလီယံ တန်ကြေးရှိ EV စက်ရုံကြီးတစ်ခု တည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှုများ စတင်ရန် စီစဉ်ထားသည်။

Vinfast က ယခုနှစ်ကုန်ပိုင်းတွင် ဥရောပ၌ EV များစတင်ဖြန့်ချိရန် စီစဉ်ထားကြောင်း စီအီးအို Thuy က ပြောသည်။

 

 

ထို့အပြင် Vinfast သည် အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များကိုလည်း ပစ်မှတ်ထားလျက်ရှိပြီး အိန္ဒိယနှင့် အင်ဒိုနီးရှားတို့တွင် ကန်ဒေါ်လာ ၄၀၀ ခန့်သုံးစွဲကာ EV စက်ရုံများ တည်ဆောက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်သို့ရောက်လျှင် ကမ္ဘာ့ဈေးကွက် ၅၀ နေရာတွင် ခြေချနိုင်ရန် ရည်မှန်းထားသည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Vietnam's Vinfast committed to selling EVs to US despite challenges, intense competition  (finance)