EV လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် အစီးရေ (၁၅၀) ပြည်တွင်းသို့ ထပ်မံရောက်ရှိ

  • 258 views


တရုတ်နိုင်ငံထုတ် YADEA အမျိုးအစား EV လျှပ်စစ်သုံးမော်တော်ယာဉ်အစီးရေ (၁၅၀) ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၁) ရက်နေ့က မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ပြီး စက်တင်ဘာလ (၂၀) ရက်နေ့မှာ ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံထုတ် Brand New Motorcycle with Charging Adaptor (Battery Electric Vehicle) အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။

လက်ရှိသြဂုတ်လကုန်အထိကတော့ မှတ်ပုံတင်ခွင့်ပြုပေးထားတဲ့ EV မော်တော်ယာဉ် အစီးရေဟာ (၆၀၀) ကျော် ရှိနေပြီဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီ EV မော်တော်ယာဉ်တွေထဲမှာ လူစီးကားတွေအပြင် ကုန်တင် (ဝန်ပေါ့) (၂) စီးနဲ့ ကုန်တင် (ဝန်လေး) (၁) စီးတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်ဘီးတပ် EV ဆိုင်ကယ် (၁၈၀၀) ကျော်နဲ့ သုံးဘီးတပ် EV သုံးဘီးဆိုင်ကယ် (၂၃၀) ကျော် မှတ်ပုံတင်ခွင့်ပြုပေးထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) ရဲ့ စာရင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။ EV ဈေးကွက်ထဲမှာ ဝယ်ယူသူတွေ လူကြိုက်များလာလို့ EV မော်တော်ကား ဈေးနှုန်းတွေဟာလည်း လက်ရှိမှာ ဈေးမြင့်တက်နေပါတယ်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com