ပြင်သစ်ကုမ္ပဏီ Renault ၏ ရောင်းအား အလွန်ကောင်းနေသော EV မော်ဒယ် ထုတ်လုပ်မှုရပ်ဆိုင်းကာ Hybrid များဆီ ကူးပြောင်းမည်

  • 191 views

 

နာမည်ကြီး ကားကုမ္ပဏီတစ်ခုသည် ၎င်းတို့၏ ထိပ်တန်းရောင်းအားကောင်းသော EV မော်ဒယ်တစ်ခုကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည် ဖြစ်ပြီး Hybrid ကားများဆီသို့ ကူးပြောင်းရန် စီစဉ်နေသည်။

ပြင်သစ်ကုမ္ပဏီ Renault သည် EV မော်ဒယ်တစ်ခုဖြစ်သော Zoe ကို လာမည့်နှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ပြီး Hybrid များဖြစ်သော Clio နှင့် Captur တို့ကို ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်သည်။

 

 


( Renault သည် Hybrid များကို အာရုံစိုက်လာပြီး Zoe ကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည် ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

 


ပြင်သစ်နိုင်ငံ၏ ပဲရစ်မြို့တော်မှ ၄၀ ကီလိုမီတာရှိ Flins မြို့မှ Renault ၏ စက်ရုံတွင် လာမည့်နှစ် မတ်လ ၃၀ ရက်၌ Zoe ၏ အခန်းကဏ္ဍ နောက်ဆုံးကန့်လန့်ကာ ချတော့မည် ဖြစ်သည်။

ကုမ္ပဏီသူဌေး Fabrice Cambolive က လူအများနှစ်သက်ကြသည့် Zoe မော်ဒယ် ထုတ်လုပ်မှု အဆုံးသတ် တော့မည့်အကြောင်း Autocar သို့ ပြောခဲ့ဖူးသည်။

အဆိုပါ မော်ဒယ်သည် ဥရောပတွင် ရောင်းအားအကောင်းဆုံး EV အဖြစ် ၂ နှစ်ကြာ ရပ်တည်ခဲ့သည်။

“ဒါက ဈေးကွက်အပေါ် မူတည်ပါတယ်။ ဈေးကွက်တစ်ခုလုံးက လျှပ်စစ်ကားတွေချည်းပဲဆိုရင်တော့ အိုကေပေါ့။ ဒါပေမဲ့ ဈေးကွက်အများစုမှာ လျှပ်စစ်ကားတွေအတွက် နယ်ပယ်ကျဉ်းမြောင်းပါတယ်။ လိုအပ်ရင် ၂၀၃၅ လောက်အထိ ကျွန်တော်တို့အနေနဲ့ Clio နဲ့ Captur တွေကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီကားတွေက Hybrid နည်းပညာနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အဖြေပါပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိအားဖြင့် Renault သည် အလတ်စားအရွယ်ရှိ Megane နှင့် Scienic မော်ဒယ်များအပေါ် အာရုံစိုက် နေသည်။

 “ကျွန်တော်တို့မှာ လက်ရှိအားဖြင့် Megane ရှိမယ်။ ပြီးရင် Scenic ရှိမယ်။ အဲဒါတွေပြီးရင်တော့ C-segment လို့ ခေါ်တဲ့ တန်ဖိုးနည်း ကားငယ်တွေဆီ သွားပါမယ်။”

Renault Zoe ကို ၂၀၁၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

Renault ကုမ္ပဏီက ဖောက်သည်များအား တန်ဖိုးသင့် Clio ဓာတ်ဆီကား ဆက်လက်ထုတ်လုပ်ရောင်းချ ပေးရန် ဆုံးဖြတ်ခဲ့ချိန်တွင် Zoe ကို ရပ်ဆိုင်းမည့် ဆုံးဖြတ်ချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Renault က Clio အား Hybrid အဖြစ် ထုတ်လုပ်ရန် ရည်မှန်းထားသည်။

သို့သော် ဖောက်သည်တို့၏ စီးပွားရေး ခက်ခဲမှု အခြေအနေများအရ အဆိုပါ ခြေလှမ်းမှာ နှောင့်နှေးနေခဲ့သည်။

Renault ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက “ခက်ခဲနေတဲ့ စီးပွားရေးအခြေအနေတွေနဲ့ လိုက်လျောညီထွေ ရှိစေဖို့အတွက် Clio ကို 90bhp ထွက်တဲ့ ဓာတ်ဆီအင်ဂျင်နဲ့လည်း ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထိုမော်ဒယ်တွင် 1.0-litre အင်ဂျင် ပါဝင်မည်ဖြစ်ပြီး 0-60mph ကို ၁၂ စက္ကန့်အတွင်း ရရှိနိုင်မည်ဖြစ်ကာ ဆီ ၁ ဂါလံလျှင် မိုင် ၅၀ ဝန်းကျင် မောင်းနိုင်မည် ဖြစ်သည်။

တန်ကြေးမှာ ပေါင် ၁၇၇၉၅ ခန့်ရှိမည်ဖြစ်ပြီး ပြိုင်ဘက်မော်ဒယ်ဖြစ်သော Vauxhall Corsa အောက် ဈေးသက်သာမည် ဖြစ်သည်။

Renault က ထုတ်ပြန်သည်မှာ အနာဂတ်တွင် လျှပ်စစ်ကားများ ထုတ်လုပ်သွားမည်ဖြစ်သော်လည်း ဓာတ်ဆီနှင့် Hybrid ကားများလည်း ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

 

(Zoe သည် ဥရောပ၏ အရောင်းရဆုံး EV အဖြစ် ၂ နှစ်ကြာ ရပ်တည်ခဲ့သည်။ ဓာတ်ပုံ-Getty)

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  END OF AN ERA  Popular car brand discontinues top-selling EV  (thesun)