• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Tesla ထံမှ ကား ၅ စင်း လှည့်ဖျားရယူကာ တစ်စင်းကို မီးတင်ရှို့ပြီး အာမခံကြေးတောင်းသော အမေရိကန်နိုင်ငံသား ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရ

Tesla ထံမှ ကား ၅ စင်း လှည့်ဖျားရယူကာ တစ်စင်းကို မီးတင်ရှို့ပြီး အာမခံကြေးတောင်းသော အမေရိကန်နိုင်ငံသား ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရ

  • 168 views

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားတစ်ဦးသည် ငွေအနည်းငယ်သာရှိသော ဘဏ်စာရင်းများဖြင့် Tesla ထံမှ EV ကား ၅ စင်းလိမ်လည်ရယူခဲ့ရာ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရကြောင်း အမေရိကန် တရားရေးဌာန (DOJ) က ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စု၊ ဗားမွန့်ပြည်နယ်မှ အသက် ၃၄ နှစ်အရွယ် မိုက်ကယ် ဂွန်ဇာလက်ဇ် (Michael Gonzalez) အမည်ရှိ အမျိုးသားသည် Tesla ထံမှ လျှပ်စစ်ကားသစ် ၅ စင်း မှာယူခဲ့ပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၅၆၀၀၀၀ ကျော်ရှိကြောင်း DOJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုက်ကယ် ဂွန်ဇာလက်ဇ်သည် အဆိုပါကားများအနက်မှ ၃ စင်းကို တပတ်ရစ်ကား ဝယ်ရောင်းတစ်ဦး၊ eBay နှင့် Craigslist တို့မှ ဝယ်လက်များထံ ကားသစ်ဈေးအောက် လျှော့ချထားသောဈေးဖြင့် ပြန်လည်ရောင်းချခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၂၃၁၉၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

Tesla ထံမှ ရယူခဲ့သော ကားများမှာ ၂၀၁၈ ခုနှစ်ထုတ် Model 3 တစ်စင်းနှင့် Model X ၄ စင်းတို့ဖြစ်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။

ဂွန်ဇာလက်ဇ်သည် တစ်စင်းကိုမူ ရောင်းမရခဲ့။
အဘယ်ကြောင့်ဆိုလျှင် Tesla က ၎င်းအား ပိုင်ဆိုင်မှုလက်မှတ် ထုတ်မပေးသောကြောင့် ဖြစ်သည်။

ဂွန်ဇာလက်ဇ်က ထိုကားကို ရေခဲနေသော ရေကန်တစ်ခုဆီ မောင်းနှင်သွားကာ မီးတင်ရှို့ခဲ့ပြီး Tesla ထံမှ အာမခံကြေးတောင်းခဲ့သည်ဟု ဆိုသည်။

ဂွန်ဇာလက်ဇ်က Tesla ထံ ပြောခဲ့သည်မှာ ဗားမွန့်ပြည်နယ် Shelburne Bay သို့ ရေခဲငါးဖမ်းရန် ညဘက်တွင် သွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် Tesla က သူ၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။

ဂွန်ဇာလက်ဇ်သည် ကားဝယ်ရန် ငွေအလုံအလောက်မရှိသော ဘဏ်စာရင်းများပေးကာ Tesla ၏ ငွေပေးချေမှုစနစ်အား လှည့်စားနိုင်ခဲ့သည်။

တရားရုံးမှတ်တမ်းများအရ အချို့ငွေစာရင်းများတွင် ဒေါ်လာ ၁၁၀ အောက်သာရှိကြောင်း ဖော်ပြသည်။

Tesla က ဂွန်ဇာလက်ဇ်အား သူမှာယူခဲ့သောကားများ ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ ဘဏ်စာရင်း များ၌ ငွေအလုံအလောက်မရှိကြောင်း သိရှိခဲ့ပြီး ကားပေးအပ်မှုကို ပယ်ဖျက်ခဲ့သည်။

ဂွန်ဇာလက်ဇ်က ကားများကို နာမည်အမျိုးမျိုးဖြင့် မှာယူခဲ့ရာ ချစ်သူမိန်းကလေးဟောင်းတစ်ဦးနှင့် သူနှင့်အတူ ကလေးတစ်ယောက်ရခဲ့သော အမျိုးသမီးတစ်ဦး၏ နာမည်များ ပါဝင်ခဲ့သည်။

ဂွန်ဇာလက်ဇ်က ၂၀၁၉ ခုနှစ်တွင် ၅ စင်းမြောက်ကားကို မှာယူခဲ့ပြီးနောက် Tesla က ၎င်းထံမှ Model X တစ်စင်း ပြန်လည် သိမ်းယူရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့သည်။

သို့သော် ဂွန်ဇာလက်ဇ်က ထိုကားကို ဂိုဒေါင်တစ်ခုထဲတွင် ဖွက်ထားခဲ့ပြီး ကားပြန်လည် သိမ်းဆည်းမည့်သူ များအား ရှောင်ရှားနိုင်ခဲ့သည်။

ဂွန်ဇာလက်ဇ်ကို ခိုးယူထားသောကားများ ပိုင်ဆိုင်မှု ၊ အစဖျောက်မှု အစရှိသော အမှု ၅ မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား တွေ့ရှိခဲ့သည်။

တရားရုံးမှတ်တမ်းများအရ ၎င်းကို ထောင်ဒဏ် ၄ နှစ်အပြင် Tesla အား ဒေါ်လာ ၄၉၃၀၀၀ လျော်ကြေးပေးရန် နှင့် အစိုးရအား ဒေါ်လာ ၂၃၁၉၀၀ ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Man who tricked Tesla into giving him 5 free cars and set one on fire on a frozen lake gets 4-year prison sentence   (businessinsider)