- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျာမနီနည်းပညာတက္ကသိုလ်မှ ကျောင်းသားများ ထုတ်လုပ်သော အားတစ်ခါသွင်းရုံဖြင့် ၁၅၉၉ မိုင် မောင်းနိုင်သည့် လျှပ်စစ်ကား ကမ္ဘာ့စံချိန်တင်
ဂျာမနီနည်းပညာတက္ကသိုလ်မှ ကျောင်းသားများ ထုတ်လုပ်သော အားတစ်ခါသွင်းရုံဖြင့် ၁၅၉၉ မိုင် မောင်းနိုင်သည့် လျှပ်စစ်ကား ကမ္ဘာ့စံချိန်တင်
- 596 views
သမားရိုးကျကားမှ လျှပ်စစ်ကား (EV) သို့ ပြောင်းလဲစီးနင်းရန် ရည်ရွယ်ကြသူများ အဓိက စဉ်းစားကြသည်မှာ တစ်ကြိမ်အားသွင်းထားလျှင် မိုင်မည်မျှမောင်းနိုင်မည် ဟူသောအချက် ဖြစ်သည်။
ဂျာမနီနိုင်ငံရှိ မြူးနစ်နည်းပညာတက္ကသိုလ် (TUM) မှ ကျောင်းသားများသည် တစ်ယောက်စီး “Muc022” ဟု အမည်ပေးထားသော နမူနာကားကို ထုတ်လုပ်ခဲ့ရာ တစ်ကြိမ်အားသွင်းရုံဖြင့် ခရီးအဝေးဆုံး သွားနိုင်သော လျှပ်စစ်ကားအဖြစ် ကမ္ဘာ့စံချိန်တင်သွားခဲ့သည်။
ဂျာမနီကျောင်းသားအဖွဲ့က ၎င်းတို့၏ အဖွဲ့ကို Tufast Eco ဟု အမည်ပေးထားသည်။
၎င်းတို့၏ တစ်ယောက်စီး Muc022 မှာ အားတစ်ကြိမ်သွင်းထားလျှင် ၁၅၉၈ မိုင် (၂၅၇၃ ဒသမ ၇၉ ကီလိုမီတာ) မောင်းနှင်နိုင်မှုဖြင့် ကမ္ဘာ့စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
ပို၍ အထင်ကြီးဖွယ်ကောင်းသည့် အချက်မှာ ၎င်းတို့သည် 15.5kWh ဘက်ထရီကိုသာ အသုံးပြုကာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည့်အချက် ဖြစ်သည်။
Muc022 ၏ ဘက်ထရီမှာ လက်ရှိအားဖြင့် ခရီးအဝေးဆုံးသွားနိုင်သော ၂၀၂၃ ခုနှစ်ထုတ် Lucid Air ကား (အားအပြည့်သွင်းထားလျှင် ၅၁၆ မိုင် မောင်းနိုင်သည်) တွင် တပ်ဆင်ထားသော ဘက်ထရီအောက် ၆ ဆ သေးငယ်သည်။
ထို့အပြင် အားတစ်ခါသွင်းထားလျှင် ၇၄၇ မိုင်သွားနိုင်သော မာစီးဒီး၏ နမူနာကား Mercedes-Benz EQXX တွင် တပ်ဆင်ထားသည့် 100-kWh ဘက်ထရီနှင့် ယှဉ်လျှင်လည်း ၇ ဆ သေးငယ်သည်။
ဂျာမနီကျောင်းသားအဖွဲ့သည် ယခုကားကို အားတစ်ကြိမ် သွင်းထားပြီး စုစုပေါင်း ၉၉ နာရီ မောင်းနှင်ပြကာ ကမ္ဘာ့စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်မှာ “ကျွန်တော်တို့ Tufast Eco Team ဟာ အခုဆိုရင် ဂင်းနက်စ် ကမ္ဘာ့စံချိန် တရားဝင် ရရှိသွားပါပြီ။ အားတစ်ခါသွင်းရုံခရီးနဲ့ အဝေးဆုံး သွားနိုင်တဲ့ လျှပ်စစ်ကား အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။
ယခင်က ကမ္ဘာ့စံချိန်တင်ထားသည်မှာ ၂၀၁၇ ခုနှစ်အတွင်းကဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် IT Asset Partners က မိုင် ၁၀၀၀ (၁၆၀၈ ဒသမ ၅၄ ကီလိုမီတာ) ဖြင့် ကမ္ဘာ့စံချိန်တင်ထားခြင်း ဖြစ်သည်။
Tufast Eco Team သည် ကမ္ဘာ့စံချိန်သစ်ကို မြူးနစ်မြို့လေဆိပ်တွင် IAA Mobility ကားပြပွဲ၏ ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပြသခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့က လေယာဉ်ရုံကြီးတစ်ခုထဲတွင် ကမ္ဘာ့စံချိန်တင် မောင်းနှင်ပြခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့စံချိန်တင်ရန်အတွက် ဂျာမန်ကျောင်းသားအဖွဲ့သည် ၆ ရက်ခန့် ကားမောင်းခဲ့ကြရသည်။
၄ ရက်တာအတွင်း မိုင် ၁၀၀၀ ကို ရောက်ရှိခဲ့ပြီးနောက် နောက်ထပ် ၂ ရက် ဆက်လက်မောင်းနှင်ခဲ့ကြပြီးမှ ဘက်ထရီအားကုန်သွားခြင်း ဖြစ်သည်။
ထို့ကြောင့် ယခင်ကမ္ဘာ့စံချိန်ထက် ၆၀ ရာခိုင်နှုန်း ကျော်လွန်သွားခဲ့သည်။
Tufast Eco Team အဖွဲ့သည် ၎င်းတို့၏ ကားကို ဖြစ်နိုင်သမျှ ပေါ့ပါးစေရန် ပြင်ဆင်ခဲ့ပြီး Permanent-magnet synchronous လျှပ်စစ်မော်တာငယ်တစ်လုံးသာ တပ်ဆင်ထားပြီး ဝပ် ၄၀၀ သာ ထွက်သည်။
စွမ်းအင်သုံးစွဲမှုအနေဖြင့် Muc022 သည် 1KWH လျှင် ၁၀၃ မိုင် မောင်းနှင်နိုင်ရာ လက်ရှိ EV များအားလုံးတွင် စွမ်းအင် အထိရောက်ဆုံး သုံးစွဲနိုင်သောကား ဖြစ်လာသည်။
နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် Mercedes-Benz Vision EQXX နမူနာကား၏ စွမ်းအင်သုံးစွဲမှုမှာ 1KWH ကို ၈ မိုင်သာ ရောက်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Students set record-breaking EV range of 2,573 km on a single charge (driving, autoevolution)