တပြေးညီတပ်ဆင်ရမည့် သတ်မှတ် Taxi Board များကို ငွေကျပ် (၁၂၀၀၀)ကျပ်ဖြင့် စတင်ရောင်းချပေးနေ

  • 211 views

 

YRTC ကသတ်မှတ်ထားတဲ့ City Taxi အားလုံးမှာ တပြေးညီတပ်ဆင်ရမယ့် သတ်မှတ်Taxi Board တွေကို ငွေကျပ် (၁၂၀၀၀)ကျပ်နဲ့ အောက်တိုဘာလ (၂၄)ရက်နေ့ကနေ စတင်ရောင်းချပေးနေပြီဖြစ်တယ်လို့ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA)ကနေ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန်စီးတီးတက္ကစီအသင်းဝင်ထားတဲ့ City Taxi တွေကိုသာ ငွေကျပ်(၁၀၀၀၀)နှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပြီး အသင်းမဝင်ထားသူတွေကိုတော့ ငွေကျပ် (၁၂၀၀၀)နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

သတ်မှတ် Taxi Board တွေကို ဝယ်လိုသူတွေအနေနဲ့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်စီးတီးတက္ကစီ အသင်း (YCTA) ရုံးမှာ ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။ တပြေးညီတပ်ဆင်ဖို့ ရက်ပေါင်း (၉၀) သတ်မှတ်ထားပြီး ပညာပေးကာလ ဒီဇင်ဘာလ (၈)ရက်နေ့ နောက်ဆုံးထားတပ်ဆင်ရမှာပါ။ သတ်မှတ်ထားတဲ့ Taxi Board ကို မတပ်ဆင်ရင် ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး အရေးယူတာတွေလုပ်ဆောင် သွားမယ်လို့ (YRTC)က ထုတ်ပြန်ထားပါတယ်။

 

 

ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် (၂၇၃)ကအရ “ အမိုးတွင် ဆေးနီဖြင့်ရေးသားထားသော (Taxi)စာသားကို မြင်နိုင်စေသည့်အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ရမည်” ဆိုတဲ့ သတ်မှတ်နည်းဥပဒေအတိုင်း တပြေးညီတပ်ဆင်ရမှာဖြစ်ပါတယ်။

Taxi Board ရဲ့အရွယ်အစားဟာ အောက်ခြေအလျား (၁၀) လက်မ၊အပေါ် အလျား(၉)လက်မ၊ အောက်ခြေအကျယ် (၅)လက်မ၊အပေါ် အကျယ် (၂)လက်မနဲ့ အမြင့် (၃)လက်မ ဖြစ်ပြီး အဲဒီ Taxi Board ကို ခေါင်းမိုးပေါ် မှန်ထိပ် (၁)ပေအကွာ ဘယ်/ညာ ညီညာစွာတပ်ဆင်ရမယ်လို့ဖော်ပြထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com