- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရန်ကုန်ရှိ City Taxi ယာဉ်များသတ်မှတ်စည်းကမ်းချက်များကိုမလိုက်နာရင် ပညာပေးကာလပြီးဆုံးပါက ပြေးဆွဲခွင့်ပိတ်သိမ်းမည်
ရန်ကုန်ရှိ City Taxi ယာဉ်များသတ်မှတ်စည်းကမ်းချက်များကိုမလိုက်နာရင် ပညာပေးကာလပြီးဆုံးပါက ပြေးဆွဲခွင့်ပိတ်သိမ်းမည်
- 416 views
ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေကို Taxi ဆိုင်းဘုတ် တပြေးညီသတ်မှတ်တာ၊ အန္တရာယ်ကင်းစေဖို့ ယာဉ်အမိုးတွင် အချက်ပြမီးတပ်ဆင်တာတွေအပြင် ၊ အဝါရောင်ဘေးစတေကာ တပ်ဆင်တာတွေပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီအချက်တွေကို မလိုက်နာရင် သတ်မှတ်ထားတဲ့ ပညာပေးကာလ ကျော်လွန်တဲ့အခါ City Taxi ပြေးဆွဲခွင့် ပိတ်သိမ်းတဲ့အထိ အရေးယူမှုတွေပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။
အခုလက်ရှိမှာတော့ အရေးယူတာတွေ မလုပ်သေးပေမယ့် ပညာပေးကာလကျော်သွားရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်တဲ့ ပုဂ္ဂလိကမော်တော်ယာဉ် ဥပဒေအတိုင်း ပြေးဆွဲခွင့် ရပ်နားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။ City Taxi ယာဉ်တွေအတွက် အခုသတ်မှတ်လိုက်တဲ့ စည်းကမ်းတွေဟာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ အငှားယာဉ်နံပတ်ပြားအဖြစ် မှတ်ပုံတင်ရမှာလဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကညန မှတ်ပုံတင်သက်သေခံလက်မှတ်(ဝှီးတက်) ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရဲ့ (ဂ) လုပ်ငန်းလိုင်စင် အပိုင်း(၁) ၊ (၂) ၊ အဝါရောင်းဘေးစတေကာ ၊ City Taxi စတေကာ ၊ ယာဉ်မောင်းဓာတ်ပုံ ၊ ရန်ကုန်စီးတီးတက္ကစီအသင်း Logo ၊ တက္ကစီဘုတ်တို့ ပါရှိရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com