- ပင်မစာမျက်နှာ
- ကားသတင်းများ
- စကော့တလန်တွင် Tesla ကားပိုင်ရှင်တစ်ဦး ဘက်ထရီ ရေဝင်သွားသောကြောင့် ဒေါ်လာ ၂၀၀၀၀ (မြန်မာကျပ်ငွေ ၄၃၄ သိန်း) ကျော် ကုန်မည်ဟုသိရချိန်တွင် နှလုံးခုန်ခဏရပ်သွားဟုဆို
စကော့တလန်တွင် Tesla ကားပိုင်ရှင်တစ်ဦး ဘက်ထရီ ရေဝင်သွားသောကြောင့် ဒေါ်လာ ၂၀၀၀၀ (မြန်မာကျပ်ငွေ ၄၃၄ သိန်း) ကျော် ကုန်မည်ဟုသိရချိန်တွင် နှလုံးခုန်ခဏရပ်သွားဟုဆို
- 375 views
Tesla ကားပိုင်ရှင်တစ်ဦးက ပြောလာသည်မှာ သူ၏ ကားကို ပြင်ဆင်ရန် ငွေကြေးအလုံးအရင်း ကုန်ကျမည်ဟု သိလိုက်ရချိန်တွင် မျက်လုံးပြူးကာ နှလုံးခုန်ခေတ္တရပ်ဆိုင်းသွားကြောင်း ပြောသည်။
ဂျွန်နီ ဘာချီဂါလူပိုနှင့် ရော့ဘ် ဟတ်ဆီတို့က စကော့တလန်မှ သတင်းဌာနတစ်ခုဖြစ်သော Edinburgh Live သို့ပြောသည်မှာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ၎င်းတို့၏ Tesla ကားမှာ မိုးရေကြောင့် ဘက်ထရီပျက်စီး သွားရာ ပြင်ဆင်စရိတ် ၁၇၃၇၄ ပေါင် (ကန်ဒေါ်လာ ၂၀၆၉၈) (မြန်မာကျပ်ငွေ ၄၃၄ သိန်း) ကုန်ကျမည်ဟု စကော့တလန်မှ Tesla ဌာနခွဲက ပြောကြားခဲ့သည်ဟု ဆိုသည်။
(မှတ်ချက်။ အောက်တိုဘာ ၁၇ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၉၇ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
“ရိုးရိုးသားသားပြောရရင် ဒီလောက်ကျတယ်ဆိုတာ ကျွန်တော် မယုံခဲ့ပါဘူး။ သူတို့ဖုန်းဆက်တုန်းက ကျွန်တော် ထင်တာက ပေါင် ၅၀၀ (ဒါမှမဟုတ်) ပေါင် ၁၀၀၀ လောက် ကုန်မယ်လို့ထင်ခဲ့တာ။ သူတို့က ဒီလောက်ကျမယ် ဆိုတာ ပြောလိုက်တဲ့အချိန် ရိုးရိုးသားသားပြောရရင် ကျွန်တော် နှလုံးခုန်ခဏရပ်သွားခဲ့တယ်”ဟု ဘာချီဂါလူပိုက Edinburgh Live သတင်းဌာနသို့ ပြောသည်။
J.D Power ၏ ဖော်ပြချက်အရ Tesla ကားများကို ဘက်ထရီလဲလှယ်ပါက ဒေါ်လာ ၅၀၀၀ မှ ၁၀၀၀၀ ကြား ကုန်ကျနိုင်သည်ဟု Elon Musk က ၂၀၁၉ ခုနှစ်အတွင်း ပြောခဲ့ဖူးကြောင်း ၊ သို့သော် ၂၀၂၃ ခုနှစ်တွင် ထိုပမာဏမှာ ပြောင်းလဲနိုင်ကြောင်း ဖော်ပြသည်။
EV ဘက်ထရီတို့အကြောင်း ရေးသားတင်ပြလေ့ရှိသော Recurrent ၏ ရေးသားဖော်ပြချက်အရ ဘက်ထရီ လဲလှယ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ ၅၀၀၀ မှ ၂၀၀၀၀ ကြား ကုန်ကျနိုင်ကြောင်း ဖော်ပြသည်။
ဘာချီဂါလူပိုသည် ကားစက်နှိုး၍ မရသောကြောင့် အီဒင်ဘာ့ဂ်မြို့တော်ရှိ Tesla ထံ ဆက်သွယ်ခဲ့ရာ ကုမ္ပဏီမှ လာရောက်ယူဆောင်သွားခဲ့သည်။
ထို့နောက် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ဘာချီဂါလူပိုအား ဖုန်းဆက်ပြောကြားသည်မှာ ဘက်ထရီမှာ ရေဝင်ကာ ပျက်စီးသွားကြောင်း၊ ၈ နှစ်အာမခံပေးထားသော်လည်း ယခုပြဿနာမှာ အကျုံးမဝင်ကြောင်း ၊ ဘက်ထရီ လဲပါက ဒေါ်လာ ၂၀၆၉၈ ကုန်ကျမည်ဖြစ်ကြောင်း ပြောခဲ့ပြီး ပြင်ဆင်လိုခြင်းရှိမရှိ မေးမြန်းခဲ့သည်။
“ကားကို ပြင်ချင်လားတဲ့။ ကျွန်တော် မျက်လုံးပြူးသွားပြီး စကားလုံးတွေ ရှာမရခဲ့ဘူး။”
Edinburgh Live သတင်းဌာနက ယခုကုန်ကျစရိတ်နှင့် စပ်လျဉ်းပြီး Tesla နှင့်ဘာချီဂါလူပိုတို့ ဇနီးမောင်နှံ အကြား အတည်ပြု မေးမြန်းခဲ့ရာ Tesla ၏ Customer relations ဌာနမှ ပေးပို့သော အီးမေးလ်တွင် ယခု Complaint အပေါ် စုံစမ်းစစ်ဆေးနေကြောင်း ပြန်ကြားထားသည်။
ပြီးခဲ့သောနှစ်အတွင်းကလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးသည်။
ကနေဒါနိုင်ငံတွင် Tesla ကားပိုင်ရှင်တစ်ဦး ဘက်ထရီထိခိုက်ပျက်စီးမှုကြောင့် လဲလှယ်ပါက ဒေါ်လာ ၂၆၀၀၀ ကျသင့်မည်ဖြစ်ကြောင်း ပြောကြားခံခဲ့ရသည်ဟု Fox Business သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။
ကားပိုင်ရှင်ဖြစ်သူ Mario Zelaya က သူ၏ ဖြစ်ရပ်ကို TikTok ဗွီဒီယိုဖြင့် ပြောကြားခဲ့ရာ သူ၏ Model S မှာ ဘက်ထရီသေသွားသောကြောင့် ကားထဲသို့ ဝင်၍မရတော့ကြောင်း ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း မိတ္တူကို ဒေါ်လာ ၃၀ အကုန်ခံကာ ပြုလုပ်ပြီးနောက် ကားကို ရောင်းထုတ်ခဲ့ကြောင်း ၊ ထိုစာရွက်စာတမ်းများမှာ ကားထဲတွင် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A Tesla owner says his 'heart missed a beat' when he received a $20,000 bill after the battery was damaged by rain (businessinsider)