တိုယိုတာနှင့် ဆူဇူကီးတို့ ပူးပေါင်းကာ တန်ဖိုးသင့် လျှပ်စစ်ကား ထုတ်လုပ်မည်ဟူသော သတင်းများ ထွက်ပေါ်

  • 238 views


Toyota တွင် လျှပ်စစ်ကားများ၏ အနာဂတ်နှင့် စပ်လျဉ်းသည့် ကြီးမားသော စီမံကိန်းများ ရှိနေသည်။

ထိုအကြောင်းကို မကြာသေးမီ လများအတွင်း Toyota က ကြေညာချက်များစွာ ထုတ်ပြန်ခဲ့ကာ ကမ္ဘာကြီးအား သတိမူမိစေခဲ့သည်။

တိုယိုတာ ကုမ္ပဏီက ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သည်မှာ ၂၀၂၆ ခုနှစ်တွင် လျှပ်စစ်ကားသစ် ၁၀ မျိုး ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။

ထိုအချိန်သို့ ရောက်လျှင် တိုယိုတာ၏ BEV များ ထုတ်လုပ်မှုမှာ ၁ ဒသမ ၅ သန်းသို့ ရောက်ရှိဖွယ်ရှိသည်။

Toyota သည် ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလတွင် တိုယိုတာနှင့် Lexus လျှပ်စစ်ကားမော်ဒယ်သစ်များ၏ ဒီဇိုင်းများ ကို ချပြခဲ့သော်လည်း ထိုမော်ဒယ်များမှ မည်မျှမှာ လက်တွေ့ထုတ်လုပ်ဖြစ်မည်ကို မသိရသေးချေ။

ဂျပန်မှ Best Car နှင့် အမေရိကန်ပြည်ထောင်စု၏ မူပိုင်ခွင့် မှတ်ပုံတင်ရုံး USPTO တို့မှ အချက်အလက်များအရ Toyota ကုမ္ပဏီသည် တန်ဖိုးသင့် လျှပ်စစ်ကားငယ်တစ်မျိုး ထုတ်လုပ်ဖွယ်ရှိကြောင်း ဖော်ပြသည်။

Best Car မှ ဖော်ပြသော သတင်းတစ်ရပ်အရ Toyota သည် ဆူဇူကီးနှင့် ပူးပေါင်းကာ လျှပ်စစ်ကားငယ်တစ်မျိုး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

အဆိုပါသတင်းသည် သတင်းရင်းမြစ်တစ်ခုခုကို ကိုးကားထားခြင်းမရှိသော်လည်း တိုယိုတာနှင့် ဆူဇူကီးတို့ သည် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကားငယ်တစ်ခု ထုတ်လုပ်သွားရန် အပူတပြင်းကြိုးပမ်းနေကြောင်း ဖော်ပြ သည်။

Best Car ၏ ခန့်မှန်းချက်အရ အဆိုပါထုတ်လုပ်မည့်ကားသည် လက်ရှိ ဥရောပဈေးကွက်တွင် ရောင်းချလျက် ရှိသော အလျား ၁၄၅ လက်မရှိ Toyota Aygo X နှင့် အလျားတူညီဖွယ်ရှိကြောင်း ခန့်မှန်းသည်။

တိုယိုတာက ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ချပြခဲ့သော လျှပ်စစ်ကားဒီဇိုင်း ၁၅ မျိုးတွင် Small Bz electric crossover ဟု အမည်ပေးထားသော ကားဒီဇိုင်းတစ်မျိုး ပါဝင်ခဲ့သည်။

ထိုကား၏ ဒီဇိုင်းမှာ Aygo X နှင့် များစွာဆင်တူသည်။

အဆိုပါကားမှာ တိုယိုတာနှင့် ဆူဇူကီးတို့ ပူးပေါင်းထုတ်လုပ်မည့် လျှပ်စစ်ကားငယ်၏ ဒီဇိုင်းဖြစ်လာဖွယ် ရှိသည်။

 

 

 

(တိုယိုတာက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ချပြခဲ့သော လျှပ်စစ်ကား ၁၅ မျိုးတွင် တိိုယိုတာ small Bz electric crossover ဟု အမည်ပေးထားသော ကားမှာ ရှေ့တန်း အလယ်ဗဟိုမှ ကားဖြစ်သည်)

 

 

အဆိုပါကုမ္ပဏီ ၂ ခုသည် မီနီ လျှပ်စစ်ဗန်ကားများထုတ်လုပ်ရန်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၃ ခုနှစ်၊ မေလအတွင်းက ကြေညာခဲ့သည်။

ဆူဇူကီးမှ ထုတ်လုပ်သောကားများတွင် လျှပ်စစ်ကားများမရှိသေး။

သို့သော် ဆူဇူကီးက ၎င်းတို့၏ ပထမဆုံး EV ကားဒီဇိုင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့ဖူးပြီး eVX crossover ဒီဇိုင်းမျိုး ဖြစ်သည်။ 

ဆူဇူကီးသည် ကားငယ်များထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ကုမ္ပဏီဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အစင်းရေ ၁ ဒသ ၃၁ သန်း ထုတ်လုပ်ခဲ့ကြောင်း JATO Dynamics ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Toyota and Suzuki rumoured to be co-developing small affordable EV  (insideevs)