သြစတေးလျမှ ပုဏ္ဏကတိုက်သော၊ လျှို့ဝှက်ဆန်းကြယ်မှုများ အတိပြီးသော ပြန်လမ်းမဲ့ အဝေးပြေးလမ်းမ ကြီးများ

  • 131 views

 

သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်တွင် လူပေါင်းများစွာ သေဆုံးခဲ့ကြရသော၊ ထူးဆန်းစွာ ပျောက်ဆုံးသွား ကြရသော၊ ပုဏ္ဏကတိုက်သည့်အိမ်ရှိနေသော ၊ လျှို့ဝှက်ဆန်းကြယ်မှုများ အတိပြီးသော အဝေးပြေးလမ်းမကြီး ၂ ခု ရှိနေသည်။

အဆိုပါ အဝေးပြေးလမ်းမကြီးများပေါ်တွင် ယနေ့တိုင် အဖြေမရှာနိုင်သေးသည့် ရာဇဝတ်မှုများ၏ နောက်ကွယ် မှ လျှို့ဝှက်ဆန်းကြယ်မှုများ၊ ပဟေဠိဆန်လှသော ပုစ္ဆာများအကြောင်းကို စာရေးဆရာ ဂရေဟမ် ဆီးလ် (Graham Seal) က သူ၏ Great Australia Mysteries အမည်ရှိ စာအုပ်အတွင်း ရေးသားဖော်ပြ ခဲ့သည်။

သြစတေးလျသည်ပင်လျှင် လျှို့ဝှက်ဆန်းကြယ်မှုများ အတိပြီးသော မြေဖြစ်သည်။

အချို့မှာ ရှေးကျ၏။ အချို့မှာ သမိုင်းဝင် ဖြစ်ရပ်ဖြစ်၏။

အဆိုပါ ဖြစ်ရပ်များစွာမှာ ကျွန်ုပ်တို့အတွက် ယနေ့တိုင် ခေါင်းခြောက်ဖွယ်ရာဖြစ်နေပြီး အနာဂတ်တွင်လည်း ထိုအတိုင်းသာ ရှိနေဦးမည်ဖြစ်ကြောင်း ဂရေဟမ် ဆီးလ်က ပြောသည်။

လူပေါင်းများစွာ သဲလွန်စရှာမရဘဲ ပျောက်ဆုံးသွားကြမှုမှာ မျိုးဆက်များစွာ စိတ်မချမ်းမြေ့ဖွယ် အကြောင်းရပ် များအဖြစ် ကျန်ရစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

(ပုံတွင် တွေ့ရသည်မှာ ရက်ရက်စက်စက်လူသတ်မှုများ ၊ ဆန်းကြယ်စွာ ပျောက်ဆုံးမှုများဖြင့် နာမည်ကြီးသော ကွင်းစလန်ပြည်နယ်မှ အဝေးပြေးလမ်းမတစ်ခုပေါ်ရှိ ခြောက်ခြားဖွယ် လမ်းပိုင်းဟု လူသိများသော နေရာအနီးမှ နေအိမ်တစ်လုံးဖြစ်သည်။)

 

((နာမည်ဆိုးဖြင့် ကျော်ကြားသော အဝေးပြေးလမ်းမကြီးများ))

 

သြစတေးလျနိုင်ငံရှိ အဝေးပြေးလမ်းမကြီး ၂ ခုမှာ ရက်ရက်စက်စက် လူသတ်မှုများ၊ လုယက်မှုများ၊ လူပေါင်းများစွာ ပျောက်ဆုံးသွားမှုများဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။

‘ခြောက်ခြားဖွယ် လမ်းပိုင်း ’ မှာ ကွင်းစလန်ပြည်နယ်အလယ်ပိုင်း Rockhampton  နှင့် Mackay မြို့များအကြား Bruce အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး ရက်ရက်စက်စက်လူသတ်မှုများဖြင့် နာမည်ကြီးသည်။

လူသူကင်းမဲ့သော ရေလွှမ်းလွင်ပြင်တွင် တည်ရှိကာ ထိုအနီးဝန်းကျင်တွင် လူမနေသော အိမ်ပြိုအိမ်ပျက်များနှင့် ဖုန်းဆိုးတောများသာ မင်းမူနေသည်။

၁၉၇၅ ခုနှစ်တွင် Noel နှင့် Sophia Weckert တို့ဇနီးမောင်နှံသည် Connors မြစ်ကမ်းတစ်နေရာတွင် ခေတ္တ ရပ်နား အပန်းဖြေစဉ် နှစ်ဦးလုံး ပစ်သတ်ခံခဲ့ရသည်။

Noel သည် သူ၏ Toyota Celica ကားရှေ့ခန်းတွင် လဲကျနေသည်ကို တွေ့ရသည်။

သူ၏ ဇနီးကိုမူ ၃၀ ကီလိုမီတာခန့် ဝေးကွာသော နေရာရှိ ချောင်းတစ်ခုဘေးတွင် မှောက်လျက် တွေ့ရသည်။

 

 

(အသက် ၂၂ အရွယ်ရှိ Jayden Penno-Tompsett အမည်ရှိ လူငယ်သည် ၂၀၁၇ ခုနှစ် နှစ်သစ်ကူးအကြိုရက် တွင် ပျောက်ဆုံးသွားခဲ့သည်။)

 

 

၎င်းတို့ဇနီးမောင်နှံအား သတ်ဖြတ်သူများမှာ ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း ခံခဲ့ရသည်။

အဆိုပါ လူသတ်မှုများအပေါ် သတင်းမီဒီယာတို့၏ အာရုံစိုက်မှု မြင့်တက်ခဲ့ပြီး ကွင်းစလန်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးက ပြောသည်မှာ ၎င်းအနေဖြင့် ထိုလမ်းပိုင်းနေရာသို့ အကာအကွယ် ရိုင်ဖယ်သေနတ် တစ်လက် မပါဘဲ မည်သည့်အခါမှ မသွားကြောင်း ပြောဖူးသည်။

အင်္ဂလန်နိုင်ငံမှ အပန်းဖြေခရီးထွက်သူ ၂ ဦးမှာလည်း ထိုလမ်းပိုင်းနေရာတွင် စနိုက်ပါဖြင့် ပစ်သတ်ခံခဲ့ရသည်။

ထို့အပြင် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပျောက်ဆုံးသွားခဲ့ဖူးပြီး မိန်းကလေးငယ်တစ်ဦးမှာ မဖွယ်မရာ ပြုလုပ်ခြင်း ခံခဲ့ရသည်။

ထိုလမ်းပိုင်း၏ မြောက်ဘက်ဆီတွင်ကား သေမင်းတမန် အဝေးပြေးလမ်းဟု နာမည်ကြီးသော Flinders အဝေးပြေးလမ်းမကြီး ရှိသည်။

ယင်းအဝေးပြေးလမ်းမကြီးပေါ်မှ Townsville နှင့် Mount Isa မြို့များအကြား လူ ၁၂ ဦး ပျောက်ဆုံး (သို့မဟုတ်) သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ထို့နောက်ပိုင်း Newcastle မှ Cairns မြို့သို့ ခရီးသွားခဲ့သူ Jayden Penno-Tompsett ဆိုသောလူငယ် ပျောက်ဆုံးသွားပြန်ရာ တနိုင်ငံလုံး ပြန်လည် အာရုံစိုက်လာခဲ့ကြသည်။

 

 

(ကွင်းစလန်ပြည် အလယ်ပိုင်း Rockhampton နှင့် Mackay မြို့များအကြားရှိ ခြောက်ခြားဖွယ် လမ်းပိုင်း )

 

 

ထိုလူငယ်၏ အလောင်းကို လုံးဝရှာမတွေ့ ။

 

 

((Humpty Doo မြို့မှ ပုဏ္ဍကတိုက်မှုကြီး ))

 

 

 

(၁၉၉၈ ခုနှစ်တွင် Humpty Doo မြို့ရှိ ပုဏ္ဍကတိုက်သည်ဆိုသော နေအိမ်တစ်ခုကို စုံစမ်းစစ်ဆေးသူများက ရက်ပေါင်းများစွာ လေ့လာခဲ့ကြသည်။)

 


၁၉၉၈ ခုနှစ်တွင် ပရလောကသုတေသီများဖြစ်သော တိုနီ ဟီလေနှင့် ပေါလ်ခရော့ပါတို့သည် Humpty Doo မြို့ရှိ နေအိမ်တစ်လုံးကို ရက်ပေါင်းများစွာ လေ့လာခဲ့ကြသည်။

ထို့မြို့သည် ဒါဝင်မြို့၏ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။

၁၈၄၅ ခုနှစ်နောက်ပိုင်း သြစတေးလျနိုင်ငံရှိ ပုဏ္ဍကတိုက်သော ထိပ်တန်းနေရာ ၅၀ စာရင်းတွင် ယခုအိမ်မှာ ဒုတိယနေရာတွင် ရပ်တည်နေပြီး မရဏအဝေးပြေးလမ်းမကြီးအနီးတွင် တည်ရှိသည်။

ထိုအိမ်ကြီးတွင် ၁၉၉၈ ခုနှစ်မှ စတင်ပြီး ပုဏ္ဍကတိုက်မှုများ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မျက်နှာကြက်မှ ကျောက်ခဲများသည် ကြမ်းပြင် ၊ စားပွဲများနှင့် အိပ်ယာများပေါ်သို့ ကျလာသည်ဟု ဆိုသည်။

 

 

(Andrew Agius သည် ဤအိမ်ကြီးရှိ ရေချိုးခန်းအတွင်း ကျောက်ခဲများဖြင့် ‘ကား’ ဆိုသော စာလုံး ရေးထားသည်ကို တွေ့ခဲ့သည်။)

 

 

ထိုညတွင်ပင် ထိုအိမ်တွင် နေထိုင်သူများဖြစ်သော အင်ဒရူး၊ Kirsty Agius ၊ Dave Clark ၊ Jill Summerville နှင့် Doug Murphy တို့သည် အခန်းအတွင်း ဓာတ်ခဲများ၊ မှန်ကွဲစများနှင့် ဓားများ လေထဲတွင် ပျံဝဲနေသည်ကို တွေ့ခဲ့ကြသည်။

၎င်းတို့က အဆိုပါသရဲတစ္ဆေများကို နှင်ထုတ်ရန်အတွက် ကက်သလစ်ဘုန်းတော်ကြီး ၂ ပါးနှင့် ဂရိ အော်သိုဒေါ့ ဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ခဲ့သော်လည်း တစ္ဆေများကို မနှင်နိုင်ခဲ့။

 

 

(အိမ်တွင်နေထိုင်သူများသည် နံရံများနှင့် ကြမ်းပြင်များတွင် marker pen များဖြင့် ရေးသားထားသော နိမိတ်မကောင်းသည့် စာလုံးများ၊ သင်္ကေတများ တွေ့လာကြသည်)

 

 

နေအိမ်အတွင်း တွေ့လာသည့် စကားလုံးများမှာ မီး၊ အရေပြား၊ ကား၊ ကယ်ကြပါဦး၊ ထရွိုင်ဟူသော စာလုံးများဖြစ်သည်။

ထရွိုင်မှာ ၎င်းတို့၏ သူငယ်ချင်းတစ်ဦးဖြစ်သူ Troy Raddatz ကို ရည်ညွှန်းခြင်း ဖြစ်သည်။

ထရွိုင်သည် ယခုအိမ်မှ ကီလိုမီတာအနည်းငယ်သာ ဝေးကွာသောနေရာတွင် ကားအက်ဆီးဒင့်ဖြစ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း ရက်အတန်ကြာသောအခါ ပုဏ္ဍကတိုက်မှုများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

စီဒီဖွင့်စက်တစ်ခုမှာ သူ့အလိုလို လွှင့်ပစ်ခံရကာ ပျက်စီးသွားခဲ့သည်။
ထို့အပြင် ပြတင်းပေါက်များ၊ မှန်တံခါးများမှာ ပြာခွက်များနှင့် အခြားပစ္စည်းများ လေထဲပျံဝဲကာ အလိုအလျောက် ထိမှန်မှုများကြောင့် ကွဲကြေပျက်စီးမှုများ ဖြစ်လာခဲ့သည်။

Healy နှင့် Cropper တို့သည် အဆိုပါစံအိမ်ကြီးတွင် ၁၉၉၈ ခုနှစ်၊ ဧပြီလအတွင်း ၅ ရက်နှင့် ၅ ည နေထိုင်ကာ ပရလောကသားများကို လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Inside some of Australia's greatest ever mysteries - from the poltergeist 'that threw knives at a group of housemates' to a man's 40-day tale of survival in the desert and the little-known 'Highways of Death'  (dailymail)