BYD က ကားတင်သင်္ဘော ၈ စင်းအထိ ဆောက်လုပ်ပြီးစီးခဲ့ရာ တစ်နှစ်လျှင် ကားအစင်းရေ ၁ သန်းအထိ တင်ပို့နိုင်တော့မည်

  • 52 views

vessel2.jpg

BYD သည် ကားတင်သင်္ဘော ၈ စင်းအထိ ဆောက်လုပ်ပြီးစီးကာ သင်္ဘောအုပ်စု ဖွဲ့စည်းပိုင်ဆိုင်လာပြီဖြစ်ရာ နှစ်စဉ် ကားအစင်းရေ ၁ သန်းကျော် တင်ပို့နိုင်တော့မည် ဖြစ်သည်။

နောက်ဆုံးဆောက်လုပ်ပြီးစီးသည့် ကားတင်သင်္ဘောမှာ BYD Jinan ဖြစ်ပြီး ပြီးခဲ့သော ရက်သတ္တပတ်က စတင်ရေချခဲ့ကြောင်း BYD က WeChat မှတဆင့် ကြေညာသည်။

ရှန်ကျန်းအခြေစိုက် BYD သည် အဆိုပါသင်္ဘောအုပ်စုကို ၂ နှစ်အတွင်း အပြီးသတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးကားတင်သင်္ဘောဖြစ်သော BYD Explorer No.1 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ရေချခဲ့ခြင်း ဖြစ်သည်။
ကားတင်သင်္ဘောအားလုံးမှာ မောင်းတက်မောင်းဆင်း (RoRo) သင်္ဘောများဖြစ်ပြီး ဘီးတပ်ယာဉ်များ တင်ဆောင်ရန်ထုတ်လုပ်ထားခြင်းဖြစ်ကာ ယာဉ်များမှာ ၎င်းတို့ဘာသာ မောင်းတက်မောင်းဆင်းပြုလုပ်ပြီး ကွန်တန်နာများ အသုံးမပြုချေ။

BYD ၏ သင်္ဘောများမှာ ကားအစင်းရေ ၇၂၀၀ မှ ၉၀၀၀ ကြား တင်ဆောင်နိုင်သည်။

1745835923-3796-large.webp

(BYD Shenzhen သင်္ဘောပေါ်သု့ ကားများတင်နေပုံ။)

🟢 BYD ၏ ကားတင်သင်္ဘောများစာရင်း

● BYD Explorer No.1  ● BYD Hefei  ● BYD Changzhou  ● BYD Shenzhen  ● BYD Xi’an  ●BYD Changsha  ●BYD Zhengzhou  ● BYD Jinan

နောက်ဆုံးရေချလိုက်သော Jinan အပါအဝင် သင်္ဘောအားလုံးမှာ BYD ၏ မော်တော်ကားများကို ကမ္ဘာတဝန်း ပို့ဆောင်ပေးလျက်ရှိနေသည်။

BYD Hefei မှာ လက်ရှိအားဖြင့် ဥရောပတွင် ကားချနေပြီး လုပ်ငန်းပြီးစီးပါက တရုတ်ပြည်သို့ ပြန်လာမည် ဖြစ်သည်။

BYD Xi’an မှာ ဘာစီလိုနာသို့ ဦးတည်ခုတ်မောင်းနေသည်။

BYD Shenzhen နှင့် Changsha တို့သည်လည်း ဥရောပသို့ ဦးတည်ခုတ်မောင်းနေသည်။

image-8.png

(BYD Jinan RoRo ကားတင်သင်္ဘောကြီးကို တွေ့ရပုံ။ ဓာတ်ပုံ-BYD video)

သို့သော် BYD သည် တရုတ်ပြည်ထုတ် ကားများကိုသာ ဖြန့်ဖြူးပို့ဆောင်နေခြင်း မဟုတ်ချေ။

ကားအစင်းရေ ၇၀၀၀ တင်နိုင်သော BYD Zhengzhou သည် ညာမောင်းကားများကို ထိုင်းနိုင်ငံစက်ရုံမှ တင်ဆောင်ကာ ဥရောပသို့ သွားရောက်နေပြီး လက်ရှိအားဖြင့် ဘယ်လ်ဂျီယံတွင် ကုန်ချရန် သွားရောက်နေကြောင်း MarineTraffic ၏ အချက်အလက်များတွင် ဖော်ပြသည်။

BYD သည် ထိုင်းစက်ရုံမှ ကားများကို ပြည်ပသို့ ပထမဆုံးတင်ပို့သည့် ခရီးစဉ်လည်း ဖြစ်သည်။

ထိုင်းတွင် ထုတ်လုပ်ခြင်းမှာ တရုတ်ပြည်နှင့် အခြေအနေမတူချေ။ တရုတ်ပြည်မှာ ဥရောပသမဂ္ဂ၏ ထပ်တိုးခွန် ကောက်ခံခြင်းနှင့် ရင်ဆိုင်နေရပြီး ထိုင်းမှာမူ ထိုသို့ ထပ်တိုးခွန်အကောက်မခံရချေ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD completed its massive fleet, now able to export 1 million cars a year. But not just from China (carnewschina)