အိန္ဒိယတွင် ရွှေရောင် ရိုးရွိုက်စ် ကားသစ်ကြီး ဝယ်ယူကာ တက္ကစီအဖြစ် ငှားစားနေသော လုပ်ငန်းရှင်

  • 51 views

Untitled-2021-01-27T164011.jpg

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်သို့ရောက်လျှင် စိမ်းလန်းစိုပြေသော လမ်းများတလျှောက် ရိုးရွိုက်စ်ကားကြီးကို တက္ကစီအဖြစ် ငှားရမ်းကာ လှည့်လည်သွားလာလိုပါသလား။

ဘာဘီ ချန်မနူးရ် အမည်ရှိ စီးပွားရေး လုပ်ငန်းရှင်က သူ၏ Rolls Royce Phantom ကားသစ်ကြီးကို ကမ္ဘာလှည့်ခရီးသည်များအတွက် တက္ကစီအဖြစ် အသုံးပြုနေသည်။

ကီရာလာသို့ အလည်အပတ်ရောက်ကြသော ကမ္ဘာလှည့်ခရီးသည်တို့အနေဖြင့် မိမိတို့၏ မင်္ဂလာဆောင်အတွက် (သို့မဟုတ်) သွားလာလည်ပတ်ရန်အတွက် ဘာဘီထံမှ ရိုးရွိုက်စ်ကို ငှားရမ်း အသုံးပြုနိုင်သည်။

((တစ်ရက်လျှင် ရူပီး ၂၅၀၀၀))

အငှားကားအဖြစ် အသုံးပြုနေသည့် Rolls Royce Phantom မှာ ရွှေရောင်ဖြစ်ပြီး Boby Chemmanur အမှတ်တံဆိပ် ရေးဆွဲထားသည်။

တစ်ရက်ငှားခမှာ ရူပီး ၂၅,၀၀၀ (၂၈၁ ဒေါ်လာ) ဖြစ်သည်။
မူလက ကီရာလာပြည်နယ်၊ Munnar တောင်ပေါ်မြို့လေးရှိ ဘာဘီ၏ Oxygen Resort အမည်ရှိ အပန်းဖြေစခန်းတွင် တည်းခိုသူများ ငှားရမ်းအသုံးပြုနိုင်ရန် ထားရှိပေးခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာပွဲများအတွက်ဆိုလျှင် ရူပီး ၅၀၀၀၀ (၅၆၃ ဒေါ်လာ) ကောက်ခံကြောင်း ဘာဘီက ပြောသည်။

လူငယ်စုံတွဲများအကြား လူကြိုက်များနေပြီး ကြိုတင်စာရင်းသွင်း ငှားရမ်းထားသူ များစွာရှိနေကြောင်းနှင့် ကားတန်ကြေးမှာ ရူပီး ၉ ဒသမ ၅ ကုဋေ ရှိကြောင်းလည်း ၎င်းက ပြောသည်။

rolls.jpg

ထို့အပြင် ဘာဘီသည် ကီရာလာပြည်နယ်၊ Ernakulam မှ Munnar မြို့များအကြား ရဟတ်ယာဉ်ဖြင့် သွားလာနိုင်သည့် ဝန်ဆောင်မှုလည်း စတင်လုပ်ဆောင်နေသည်။

ကမ္ဘာလှည့်ခရီးသည်တိို့အနေဖြင့် ရဟတ်ယာဉ်ကို စင်းလုံးငှားကာ သွားလာနိုင်ကြောင်း ၎င်းက ပြောသည်။

Rolls-Royce Phantom ကဲ့သို့ အလွန်ဈေးကြီးသော ကားမျိုးကို တစ်ရက်လျှင် ဒေါ်လာ ၃၀၀ ဝန်းကျင်ဖြင့် ငှားရမ်းပေးခြင်းမှာ ငွေတတ်နိုင်သူများအတွက် အလွန်တန်သည်ဟု ဆိုရမည်။
Rolls-Royce Phantom ၏ လက်ရှိ generation ဖြစ်သော Series VIII မှာ အိန္ဒိယတွင် အနိမ့်ဆုံး ရူပီး ၁၀၃ သန်း (ဒေါ်လာ ၁ ဒသမ ၃ သန်း) ပေးရသည်။

ဘာဘီ၏ Rolls-Royce Phantom မှာ ယခင်မျိုးဆက်ဖြစ်နိုင်သည်။

သို့စေကာမူ ဈေးမနည်းလှ။

ယခု Rolls-Royce Phantom ၏ အခြားစိတ်ဝင်စားဖွယ်တစ်ခုမှာ ကားနံပါတ်ဖြစ်ပြီး ၀၀၀၁ ဖြင့် ဆုံးသော နံပါတ်ဖြစ်သည်။

((ဘာဘီ ချန်မနူးရ် ဘယ်သူလဲ))

ဘာဘီ ချန်မနူးရ်သည် အသက် ၆၀ အရွယ်ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လက်ဝတ်ရတနာဆိုင်များ မှသည် ဟိုတယ်များ၊ ကားအငှားလုပ်ငန်းများအထိ လုပ်ကိုင်သူ ဖြစ်သည်။

သတင်းရင်းမြစ် များစွာ၏ ဖော်ပြချက်အရ ဘာဘီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်ရှိကြောင်း ခန့်မှန်းရသည်။

အလှူအတန်း ရက်ရောသူဟု နာမည်ကြီးသူ ဘာဘီသည် ယခင်က ဘောလုံးသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့သူဖြစ်သည်။
ဘာဘီသည် ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် ဒီယေဂို မာရာဒိုနာနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဒူဘိုင်းတွင် ဘာဘီက လက်ဝတ်ရတနာပြခန်းတစ်ခု ဖွင့်ရာ၌ မာရာဒိုနာ တက်ရောက်ခဲ့သည်။

ဘာဘီသည် ကားဝါသနာကြီးသူလည်းဖြစ်ပြီး luxury ကား များစွာပိုင်ဆိုင်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: This Kerala Entrepreneur’s Rolls Royce Taxi Ensures You Travel The Coast In Style