- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla က အိန္ဒိယတွင် Model Y ကို စတင်ရောင်းချပြီ၊ အနိမ့်ဆုံးဈေးမှာ ဒေါ်လာ ၆၉၀၀၀ ဖြစ်
Tesla က အိန္ဒိယတွင် Model Y ကို စတင်ရောင်းချပြီ၊ အနိမ့်ဆုံးဈေးမှာ ဒေါ်လာ ၆၉၀၀၀ ဖြစ်
- 51 views
Tesla သည် အိန္ဒိယနိုင်ငံတွင် ၎င်း၏ ကားများကို တရားဝင် စတင်ရောင်းချပြီ ဖြစ်သည်။
Tesla ၏ Global Vice President ဖြစ်သူ Grace Tao က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်မှာ ကနဦးအသုတ်တွင် ရောင်းချပေးမည့် ကားအားလုံးမှာ ရှန်ဟိုင်းမြို့ရှိ Gigafactory တွင် ထုတ်လုပ်ထားသည့် ကားများဖြစ်ကြောင်း ပြောသည်။
“ကျွန်မတို့ရဲ့ ကားပိုင်ရှင်သစ်တွေအတွက် ဂုဏ်ယူပါတယ်။ ကမ္ဘာတစ်ဝန်းက consumer တွေအနေနဲ့ Tesla ရဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေနဲ့ သက်သောင့်သက်သာ သွားလာနိုင်စေဖို့ မျှော်မှန်းထားပါတယ်။” ဟု ဂရေ့စ်က ပြောသည်။
Tesla သည် ယခုနှစ် ဇူလိုင်လအတွင်း အိန္ဒိယတွင် ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်ခဲ့ပြီး ၂ လအကြာတွင် ယခုကဲ့သို့ ကားများစတင်ဖြန့်ချိလာခြင်းလည်း ဖြစ်သည်။
အိန္ဒိယသည် ကမ္ဘာ့တတိယအကြီးမားဆုံး ကားဈေးကွက်လည်း ဖြစ်သည်။
Tesla ၏ စီအီးအို Elon Musk က အိန္ဒိယတွင် Tesla ကားများ ရောင်းချပေးမည်ဟု ၂၀၁၆ ခုနှစ်၊ ဧပြီလက ပြောဆိုခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများတွင် နှောင့်နှေးမှုများ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယတွင် စတင်ရောင်းချပေးသည့် Model Y မှာ နောက်ယက်ဗားရှင်းဖြစ်ပြီး အနိမ့်ဆုံး ရူပီး ၅ ဒသမ ၉၈၉ သန်း (ဒေါ်လာ ၆၉,၀၀၀) မှစသည်။
ခရီးဝေးမောင်းနိုင်သော နောက်ယက်ဗားရှင်းမှာ ရူပီး ၆ ဒသမ ၇၈၉ သန်း (ဒေါ်လာ ၇၉,၀၀၀) ဖြစ်သည်။
ထိုဈေးနှုန်းမှာ အခြားကမ္ဘာ့ဈေးကွက်များနှင့်ယှဉ်လျှင် အတော်လေး ဈေးကြီးသည်။
ထိုသို့ ဈေးကြီးရခြင်းမှာ အိန္ဒိယအစိုးရက လျှပ်စစ်ကားများကို သွင်းကုန်အကောက်ခွန်အဖြစ် ၇၀ ရာခိုင်နှုန်းအထိ ကောက်ခံသောကြောင့် ဖြစ်သည်။
လျှပ်စစ်ကား ဈေးကွက်ဝေစုမှာ ၅ ရာခိုင်နှုန်းအောက်သာရှိရာ Tesla အနေဖြင့် အိန္ဒိယတွင် စိန်ခေါ်မှု ကြီးမားသည်။
အိန္ဒိယတွင် Tesla ၏ ဈေးတန်းမျိုးရှိသော luxury ကားဈေးကွက်မှာ ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်းမျှသာ ရှိသည်။
Tesla သည် ၎င်း၏ အမာခံ ဈေးကွက်များဖြစ်သော ဥရောပ၊ တရုတ်ပြည်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ရောင်းအားကျဆင်းမှု ရင်ဆိုင်ရပြီးနောက် ယခုကဲ့သို့ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။
Tesla သည် ယခင်က အိန္ဒိယတွင် ကားစက်ရုံတည်ထောင်ရန် စီစဉ်ခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်တော့ဘဲ အခွန်နှုန်းထား အလွန်မြင့်မားသည့်ကြားမှ ကားများ တင်ပို့ရန်သာ ရွေးချယ်ခဲ့သည်။
Tesla က ဒေလီမြို့နှင့် အိန္ဒိယရှိ အခြားသော အထင်ကရမြို့ကြီးများတွင် အရောင်းပြခန်းများ၊ အားသွင်းစခန်းများ ထပ်မံဖွင့်လှစ်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla begins deliveries in India with Model Y starting from 69,000 USD (carnewschina)