• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ရိုဝမ် အက်ကင်ဆန်က McLaren F1 ကို ဒေါ်လာ ၁ သန်းဖြင့် ဝယ်ခဲ့ပြီး ၁၈ နှစ် နေ့စဉ်စီးခဲ့ကာ ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချခဲ့ရာ ဒေါ်လာ ၁၁ သန်း အမြတ်ရ

ရိုဝမ် အက်ကင်ဆန်က McLaren F1 ကို ဒေါ်လာ ၁ သန်းဖြင့် ဝယ်ခဲ့ပြီး ၁၈ နှစ် နေ့စဉ်စီးခဲ့ကာ ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချခဲ့ရာ ဒေါ်လာ ၁၁ သန်း အမြတ်ရ

  • 43 views

102745031-GettyImages-128761784.jpg
Mr.Bean ဟု လူသိများသူ ဗြိတိသျှ ဟာသသရုပ်ဆောင် ရိုဝမ် အက်ကင်ဆန်သည် McLaren F1 ပြိုင်ကားကို ၁၉၉၇ ခုနှစ်တွင် ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၁၈ နှစ်အကြာတွင် ပေါင် ၈ သန်း (ဒေါ်လာ ၁၂ ဒသမ ၂ သန်း) ဖြင့် ရောင်းချခဲ့ရာ ပေါင် ၇ သန်းကျော် (ဒေါ်လာ ၁၁ သန်းကျော်) အမြတ်ရသွားသည်။

ရိုဝမ် အက်ကင်ဆန်၏ McLaren F1 မှာ အနက်ရောင်ဖြစ်ပြီး 6.1 liter V12 သုံးထားကာ အမြင့်ဆုံး မြန်နှုန်း 240mph ရှိသည်။

အက်ကင်ဆန်သည် ထိုကားဖြင့် ကားအက်ဆီးဒင့် ၂ ကြိမ် ဆိုးဆိုးရွားရွား ဖြစ်ဖူးသည်။

၂၀၁၁ ခုနှစ်အတွင်း အက်ကင်ဆန်သည် ကိန်းဘရစ်ရှိုင်းယားခရိုင်တွင် သစ်ပင်တစ်ပင်နှင့် လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို ဝင်တိုက်မိပြီး ကားမီးလောင်ခဲ့ရာ ပုခုံးတွင် ဒဏ်ရာရကာ မသေမပျောက် လွတ်မြောက်ခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် ပြင်ဆင်စရိတ် ပေါင် ၉၁၀,၀၀၀ အထိ ကုန်ကျခဲ့ရာ အာမခံပေးထားသော ကုမ္ပဏီမှာ စိတ်ပျက်ခဲ့ရသည်။

ထိုဖြစ်ရပ်မတိုင်မီ ၁၉၉၉ ခုနှစ်အတွင်း Rover Metro တစ်စင်းကို နောက်မှ ဝင်တိုက်မိရာ McLaren F1 ၏ ဘောနက်ပျက်စီးသွားခဲ့သည်။

102744799-GettyImages-120370173.jpg
(ရိုဝမ် အက်ကင်ဆန်၏ McLaren F1 ၂၀၁၁ ခုနှစ်အတွင်း အက်ဆီးဒင့်ဖြစ်ခဲ့ပုံ။ ဓာတ်ပုံ-Paul Franks / newsteam | Getty Images Entertainment | Getty Images)

အက်ကင်ဆန်ကို ကားရောင်းပေးလိုက်သော Taylor & Crawley ကုမ္ပဏီပိုင်ရှင် ဒေးဗစ် ကလာ့ခ်က အက်ကင်ဆန်ကို အမှန်တကယ် ကားမြတ်နိုးသူတစ်ဦးအဖြစ် ချီးမွမ်းခဲ့သည်။

“သူက ကျွန်တော်တွေ့ဖူးသမျှ တကယ့်ကားဝါသနာအိုးတွေထဲက တစ်ယောက်ပါပဲ။ ကားတွေကို တကယ် အသုံးပြုတဲ့သူပါ။ သူ့ရဲ့ ပျော်ရွှင်မှုက ကားပိုင်ဆိုင်ထားမှုကနေ လာတာမဟုတ်ဘဲ တကယ်အသုံးပြုမှုကနေ လာတာပါ”

အက်ကင်ဆန်သည် သူ၏ ပြိုင်ကားကို အခြားပိုင်ရှင်များကဲ့သို့ အလှသိမ်းထားသူ မဟုတ်ဘဲ နေ့တိုင်းစီးခဲ့သူ ဖြစ်သည်။

ရိုဝမ် အက်ကင်ဆန်၏ McLaren F1 မှာ မူရင်းဈေး ပေါင် ၅၄၀၀၀၀ (ဒေါ်လာ ၁ သန်း) ဝန်းကျင်သာရှိပြီး အက်ဆီးဒင့် ၂ ကြိမ်ဖြစ်ဖူးကာ ၁၈ နှစ် သက်တမ်းရှိနေပြီဖြစ်သော်လည်း ပြန်လည်ရောင်းချရာတွင် စံချိန်တင် ဈေးနှုန်း ရရှိခဲ့သည်။

အဆိုပါ မော်ဒယ်၏ ရှားပါးခြင်းနှင့် အကျော်အမော်တစ်ဦး စီးခဲ့သောကားဖြစ်ခြင်းကြောင့် ကားတန်ဖိုး မြင့်တက်သွားရခြင်းဖြစ်ကြောင်း Euromonitor International မှ ကားလောကအကဲခတ်ပုဂ္ဂိုလ် Neil King က ပြောသည်။

102744630-GettyImages-73696368.jpg

(ရိုဝမ် အက်ကင်ဆန်ကို ၁၉၇၆ မော်ဒယ် British Leyland Mini 1000 ကားနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-MJ Kim | Getty Images Entertainment | Getty Images)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Mr Bean crashes McLaren F1 twice, sells for $12.2 million (cnbc)