• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အိန္ဒိယတွင် အရက်မူးနေသော အမျိုးသားက Google Maps ဖြင့် Mahindra XUV500 ကို မောင်းနှင်ရာ ပင်လယ်ထဲ ရောက်သွားကာ တံငါသည်က ကယ်ဆယ်လိုက်ရသည့်ဖြစ်ပုံ

အိန္ဒိယတွင် အရက်မူးနေသော အမျိုးသားက Google Maps ဖြင့် Mahindra XUV500 ကို မောင်းနှင်ရာ ပင်လယ်ထဲ ရောက်သွားကာ တံငါသည်က ကယ်ဆယ်လိုက်ရသည့်ဖြစ်ပုံ

  • 16 views

drunk_man_mahindra_xuv500_google_maps_sea_cuddalore_featured_92e2d090ea (1).jpg

အိန္ဒိယနိုင်ငံ၊ တမီလ် နာဒူးပြည်နယ်၊ ချင်းနိုင်မြို့တွင် လူငယ်တစ်ဦးသည် အရက်မူးကာ Google Maps ဖြင့် ကားမောင်းခဲ့ရာ ပင်လယ်ထဲသို့ ရောက်သွားခဲ့ရသည်။

တမီနာဒူးပြည်နယ်၊ Cuddalore ခရိုင်၊ Sothikuppam ကမ်းခြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူငယ်မောင်းလာသော Mahindra XUV500 ကားပေါ်တွင် အခြားသူများလည်း လိုက်ပါလာသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် မနက်လင်းအားကြီးအချိန်တွင် Google Maps အတိုင်း မောင်းနှင်ခဲ့ရာ လမ်းမှားကွေ့မိခဲ့ပြီး ကမ်းခြေသို့ ရောက်သွားသည်။

ထိုအချိန်တွင် အလွန်မှောင်မိုက်နေသည့်အပြင် ယာဉ်မောင်းသူနှင့် ကားပေါ်ပါလာသူ အားလုံး အရက်မူးနေခဲ့သည်။

ထို့ကြောင့် ကမ်းခြေသို့ ရောက်နေမှန်း သတိမထားမိဘဲ ပင်လယ်ထဲသို့ တည့်တည့်မောင်းချသွားခဲ့သည်။

ကားပေါ်တွင် အမျိုးသမီး ၂ ဦး အပါအဝင် လူ ၅ ဦး လိုက်ပါလာသည်။

၎င်းတို့အဖွဲ့သည် Cuddalore ဆိပ်ကမ်းမှ Parangipettai သို့ ဦးတည်သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ကားထဲသို့ ရေများဝင်လာချိန်တွင် လမ်းမှားသွားပြီဖြစ်ကြောင်းသိလိုက်ပြီး ကားထဲမှ ထွက်လာခဲ့ကြသော်လည်း ကားမှာ ပင်လယ်ရေထဲ တဝက်နစ်နေကာ နောက်ပြန်မဆုတ်နိုင်တော့ချေ။
ထိုနေရာတွင် ရှိနေသော တံငါသည်တို့က ဝိုင်းဝန်းကူညီကြရာ လယ်ထွန်စက်တစ်စင်း အကူအညီဖြင့် ကားကို ရေထဲမှ ဆွဲတင်နိုင်ခဲ့သည်။

ကားရှေ့ ဘန်ပါကို မတွေ့ရတော့ချေ။ ညအချိန်များတွင် လှိုင်းကြမ်းသောကြောင့် ပြုတ်ထွက်ပျက်စီးသွားခြင်း ဖြစ်နိုင်သည်။
အင်ဂျင်နှင့် ကားအတွင်းပိုင်းသို့ ရေဝင်ဖွယ်ရာရှိပြီး အခြေအနေမည်သို့ဖြစ်သွားသည်ကိုမူ မသိရချေ။

ထိုသို့သော အခြေအနေမျိုးတွင် အကောင်းဆုံးမှာ စက်မနှိုးဘဲ ထားရန်ဖြစ်သည်။ အင်ဂျင်ထဲသို့ ရေဝင်သွားလျှင်မူ အချိန်ယူကာ ပြန်လည်ပြင်ဆင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ် များပြားမည် ဖြစ်သည်။

ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ ထိုနေရာသို့ ရဲတပ်ဖွဲ့ဝင်များလည်း ရောက်လာကြသည်။

ကားပေါ်တွင် ပါလာသည့် တဖွဲ့လုံး အရက်မူးနေကြပြီး ၎င်းတို့ကို သတိပေးကာ ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
အရက်သေစာ သောက်စားကာ ယာဉ်မောင်းခြင်းမှာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ဥပဒေချိုးဖောက်မှု ဖြစ်သည်။

ယခုဖြစ်ရပ်တွင် ယာဉ်မောင်းသူအဖို့ ကံကောင်းသွားသည်မှာ အခြားကားတစ်စင်း (သို့မဟုတ်) လူတစ်ဦးကို ထိခိုက်စေမှု မရှိခဲ့ခြင်း ဖြစ်သည်။

လူတို့သည် အရက်သေစာ သောက်စားပြီးလျှင် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲသွားကြကာ ယခုကဲ့သို့ ဖြစ်ရပ်များ ပေါ်ပေါက်လာစေသည်။

အကယ်၍ သင်သည် အရက်သောက်ထားသည်ဆိုပါက ကားမမောင်းဘဲ ထားခဲ့ခြင်း (သို့မဟုတ်) အငှားယာဉ်ဖြင့် အိမ်ပြန်ခြင်းတို့သာ ပြုလုပ်သင့်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Drunk Man 'Following Google Maps' Drives Mahindra XUV500 Into Sea: Rescued By Fishermen (cartoq)