- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန် သန်းကြွယ်သူဌေးတဦးက ခိုးယူခံရသော ရိုးရွိုက်စ်ကားအကြောင်း သတင်းပေးသူအား ဆုချီးမြှင့်မည်ဟု ကောင်းကင်ကြော်ငြာများဖြင့် ကြေညာ၊ နောက်ဆုံးတွင် ပြန်လည်တွေ့ရှိ
အမေရိကန် သန်းကြွယ်သူဌေးတဦးက ခိုးယူခံရသော ရိုးရွိုက်စ်ကားအကြောင်း သတင်းပေးသူအား ဆုချီးမြှင့်မည်ဟု ကောင်းကင်ကြော်ငြာများဖြင့် ကြေညာ၊ နောက်ဆုံးတွင် ပြန်လည်တွေ့ရှိ
- 293 views
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ သန်းကြွယ်သူဌေးတစ်ဦးသည် သူ၏ ခိုးယူခံလိုက်ရသော ခရမ်းရောင် Rolls Royce ကားနှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူအား ဆုချီးမြှင့်မည်ဟု ကြေညာကာ လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင် အင်စတာဂရမ်မှ ရရှိသော သတင်းတခုကြောင့် သူ၏ကားကို ပြန်လည်တွေ့ရှိသွားသည်။
Rolls Royce Limited Edition ကား၏ပိုင်ရှင် သန်းကြွယ်သူဌေးသည် ပျောက်ဆုံးသွားသော ကားနှင့်ပတ်သက် ပြီး သတင်းပေးနိုင်သူများကို ဆုချီးမြှင့်မည်ဟု Aerial Banners များဖြင့် ကြော်ငြာခဲ့သည်။
(မှတ်ချက်။ ကောင်းကင်ကြော်ငြာစာတန်း -Aerial Banners များမှာ ဘောလုံးကွင်းများအထက် ဝေဟင်၊ ပင်လယ်ကမ်းခြေများ၏ ကောင်းကင်အစရှိသော လူသူစုရုံးလေ့ရှိသော နေရာများတွင် ကောင်းကင်တွင် လွှင့်တင်ထားသော ကြော်ငြာဆိုင်းဘုတ်တမျိုး ဖြစ်သည်)
သူ၏ ရှားပါးထူးခြားသောကားသည် ဖလော်ရီဒါပြည်နယ်၊ North Miami မှ ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။
(ခရမ်းရောင်ရိုးရွိုက်စ်ကားမှာ စက်တင်ဘာလကုန်ပိုင်းတွင် ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။ ဓာတ်ပုံ-WSVN)
Aerial Banners Inc. ၏ ဥက္ကဌ ဘော့ဘ် ဘင်ညို (Bob Benyo) သည် ခိုးယူခံရသော ခရမ်းရောင် ရိုးရွိုက်စ် ကား၏ ပ်ိုင်ရှင်ဖြစ်သည်။
မိုင်အမ်မီရှိ သူ၏ ကားဂိုဒေါင်မှ ခိုးယူခံလိုက်ရသော ခရမ်းရောင် Rolls Royce Wraith ကားကို ပြန်လည်ရရှိရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သည်။
ဘော့ဘ် ဘင်ညိုသည် အဆိုပါကားကို ဇနီးဖြစ်သူအတွက် နှစ်ပတ်လည်လက်ဆောင်အဖြစ် ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်ထုတ် 2016 Rolls Royce Wraith ကားမှာ Limited-edition ဖြစ်ပြီး ထိုအရောင်ဖြင့် ၆ စင်းသာ ထုတ်လုပ်ထားကာ တန်ကြေးမှာ ဒေါ်လာ ၂၀၀,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
(ကားပိုင်ရှင် ဘော့ဘ် ဘင်ညို။ ဓာတ်ပုံ-wsvn)
ကားခိုးယူခံရမှုနှင့် စပ်လျဉ်းပြီး ဘော့ဘ် ဘင်ညိုက ပြောသည်မှာ ထိုကားမှာ ဇနီးဖြစ်သူအတွက် နှစ်ပတ်လည် လက်ဆောင်အဖြစ် ဝယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ မိမိပိုင်ဆိုင်ထားသည့်အရာများအတွက် တဘဝလုံးကြိုးစားခဲ့ရ ခြင်းဖြစ်ကြောင်း၊ ထိုသို့ တဘဝလုံး ကြိုးစားထားရသည့်အရာကို အချောင်ခိုးယူသွားခြင်းဖြစ်ကြောင်း ပြောသည်။
ကားခိုးယူခံရပုံကို ဘော့ဘ် ဘင်ညို၏ အိမ်မှ cctv ကင်မရာတို့က မှတ်တမ်းရယူထားခဲ့နိုင်သည်။
ဘော့ဘ် ဘင်ညို၏ ပြောကြားချက်အရ ငွေရောင် Mercedes-Benz ဆီဒင်ကားပေါ်မှ အဖြူရောင်တီရှပ် ဝတ်ထားသူ ၂ ဦး ဆင်းလာကာ ဘော့ဘ် ဘင်ညို၏ ခြံဝန်းအတွင်း ပြေးဝင်လာကြောင်း၊ ထို့နောက် ဂိုဒေါင်ထဲ သို့ ဝင်သွားကာ လက်ဝဲဘက်တံခါးကို ချိုးဖျက်ခဲ့ပြီး နံရံတွင် ချိတ်ထားသော ရိုးရွိုက်စ်ကားသော့ကို ရယူကာ မောင်းထွက်သွားကြခြင်းဖြစ်ကြောင်း ပြောသည်။
(သူခိုးများ ကားခိုးယူသွားပုံကို cctv မှတ်တမ်းတွင် တွေ့ရပုံ။ ဓာတ်ပုံ-wsvn)
(ခိုးယူခံရသော ခရမ်းရောင် ရိုးရွိုက်စ်ကား တွေ့ရှိပါက အကြောင်းကြားသူကို ဆုချီးမြှင့်မည်ဟု ဘော့ဘ် ဘင်ညို ကြော်ငြာခဲ့ပုံ။ ဓာတ်ပုံ-wsvn)
ဘော့ဘ် ဘင်ညိုက ကောင်းကင်ကြော်ငြာများကို လေယာဉ်ဖြင့် ချိတ်ဆွဲပျံသန်းမောင်းနှင်ပေးသည့် လေယာဉ်မှူး Rob Maverick Ramirez ကို ငှားရမ်းခဲ့ကာ တောင်ဖလော်ရီဒါ၏ ကောင်းကင်တခွင်တွင် ‘ခိုးယူခံရသော ခရမ်းရောင် ရိုးရွိုက်စ်ကား ၊ သတင်းပေးသူ ဆုချီးမြှင့်မည်’ ဟူသော စာတန်းကို လေယာဉ်ဖြင့် ချိတ်ဆွဲ ပျံသန်းစေခဲ့သည်။
အဆိုပါ ကောင်းကင်ကြော်ငြာစာတန်းတွင် သူ၏ ဖုန်းနံပါတ်ကိုလည်း ဖော်ပြခဲ့ပြီး သတင်းပေးသူကို ဒေါ်လာ ၅၀၀၀ ဆုချီးမြှင့်မည်ဟု ကြေညာခဲ့သည်။
ဘော့ဘ် ဘင်ညိုသည် နောက်ဆုံးတွင် သူ၏ ရိုးရွိုက်စ်ကို ပြန်လည်ရရှိသွားသည်ဟု သိရသည်။
အင်စတာဂရမ်မှ ရရှိခဲ့သော သတင်းတခုအရ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ဒီကားကို အင်စတာဂရမ်က Chat ဂရုတခုမှာ အငှားတင်လာတယ်လို့ သတင်းပေးလာတဲ့သူ ရှိပါတယ်”ဟု ဘော့ဘ် ဘင်ညိုက WTVJ သတင်းဌာနသို့ ပြောသည်။
ကားသူခိုးများ ဖမ်းဆီးရမိခြင်း ရှိ၊ မရှိနှင့် သတင်းပေးသူအား ဘော့ဘ်ဘင်ညိုက ဆုချီးမြှင့်ခြင်း ရှိ၊ မရှိကိုမူ မသိရချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man Hires Banner Plane, Vows to Find Rolls Royce After Thieves Steal it Out of Garage: ‘I Will Find That Car’ (themessenger)