- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိုင်ယာလန် လေကြောင်းလိုင်း သူဌေး မိုက်ကယ် အို လီရီက ကားတစ်စင်းတည်းသာရှိသော တက္ကစီ ကုမ္ပဏီတစ်ခု တည်ထောင်ထား၊ ထိုတက္ကစီမှာ ၎င်းတစ်ဦးတည်း အသုံးပြုရန်ဖြစ်
အိုင်ယာလန် လေကြောင်းလိုင်း သူဌေး မိုက်ကယ် အို လီရီက ကားတစ်စင်းတည်းသာရှိသော တက္ကစီ ကုမ္ပဏီတစ်ခု တည်ထောင်ထား၊ ထိုတက္ကစီမှာ ၎င်းတစ်ဦးတည်း အသုံးပြုရန်ဖြစ်
- 61 views
မိုက်ကယ် အို လီရီ (Michael O’ Leary) သည် အိုင်ယာလန် လေကြောင်းလိုင်း Ryanair ၏ စီအီးအို ဖြစ်သည်။
Ryanair လေကြောင်းလိုင်းသည် လေကြောင်း ခရီးစဉ်များကို ဈေးနှုန်းသက်သာစွာဖြင့် ပျံသန်းပေးနေသော လေကြောင်းလိုင်းအဖြစ် လူသိများသည်။
Ryanair လေကြောင်းလိုင်းကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခရီးစဉ်တစ်ကြောင်းတည်းသာ ပျံသန်းခဲ့သည်။
ယခုအခါတွင်မူ ဥရောပ၏ အကြီးမားဆုံး လေကြောင်းလိုင်းကြီး ဖြစ်နေပြီ ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်မှစတင်ကာ Ryanair ကို “ဥရောပ၏ ပထမဆုံး စရိတ်သက်သာ လေကြောင်းလိုင်း” အဖြစ် စတင်ရပ်တည်ခဲ့ရာ ထိုစဉ်က ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မိုက်ကယ် အိုလီရီ၏ ဆောင်ရွက်မှုများ ပါဝင်ခဲ့သည်။
ယခုအခါ Group CEO ဖြစ်နေပြီဖြစ်သော မိုက်ကယ် အိုလီရီက အဆိုပါစိတ်ကူးကို အမေရိကန်ရှိ စရိတ်သက်သာ လေကြောင်းလိုင်းများမှတဆင့် အကြံရခဲ့ခြင်းဖြစ်ပြီး လူတိုင်း ပြည်ပကို လွယ်ကူစွာ သွားလာနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
မိုက်ကယ် အိုလီရီသည် စရိတ်လျှော့ချနိုင်ရေး နည်းလမ်းများရှာဖွေရာတွင် ၎င်းကိုယ်တိုင်အတွက်လည်း အပါအဝင် ဖြစ်ခဲ့သည်။
၂၀၀၀ ပြည့်လွန် အစောပိုင်း ကာလများက မိုက်ကယ် အိုလီရီသည် O’ Leary Cabs ဟူသော အမည်ဖြင့် တက္ကစီကုမ္ပဏီတစ်ခု တည်ထောင်ခဲ့၏။
ထိုကုမ္ပဏီတွင် ကားတစ်စင်းတည်းသာရှိပြီး ထိုကားမှာလည်း ၎င်းစီးသော Mercedes-Benz S-Class ဖြစ်သည်။
မိုက်ကယ် အိုရီလီက သူ၏ကားကို တက္ကစီတစ်စင်းအဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုလျှင် ဒဗ္ဗလင်မြို့၌ ကားကြပ်သော လမ်းများတွင် တက္ကစီမှာ ဘတ်စ်ကား လမ်းကြောများကို အသုံးပြုခွင့်ရသောကြောင့် အိုရီလီအဖို့ မြို့တွင်းသွားလာရာတွင် လျင်မြန်စွာ ခရီးရောက်နိုင်သောကြောင့် ဖြစ်၏။
အိုလီရီက အဆိုပါ တက္ကစီအတွက် အငှားကားမောင်းသူတစ်ဦး ခန့်ထားသည်။ သို့သော် ၎င်းတစ်ဦးတည်း အသုံးပြုရန်သာ ဖြစ်သည်။
၂၀၀၃ ခုနှစ်အတွင်းက အိုလီရီသည် RTE Radio အစီအစဉ်တွင် ထိုအကြောင်းကို ထည့်သွင်းပြောဆိုခဲ့ဖူးသည်။
အိုင်ယာလန် သယ်ယူပို့ဆောင်ရေးဝန်ကြီးက အိုလီရီနှင့် အခြားသူများကို ဥပဒေ လက်တစ်လုံးခြားလုပ်နေခြင်းအပေါ် သတိပေးပြောဆိုခဲ့သည်။
ထိုအခါ အိုရီလီက မိမိအနေဖြင့် အငှားယာဉ်များနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို အပြည့်အဝ လိုက်နာကြောင်း ပြောခဲ့သည်။
“ဒါက နံပါတ်အနက် တက္ကစီပါ။ Mullingar မြို့မှာ မှတ်ပုံတင်ထားပါတယ်။ အများပြည်သူဝန်ဆောင်မှု ယာဉ်မောင်းတစ်ဦးကို ခန့်ထားပါတယ်။ သူက ကျွန်တော့်အတွက် ကားမောင်းပေးပါတယ်။ တကယ်လို့ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲပြင်ဆင်ချင်တယ်ဆိုရင်လည်း ဒီကားနဲ့ ဒဗ္ဗလင် မြို့သားတွေကို ခရီးစဉ်တွေ ပို့ဆောင်ဖို့ ကျွန်တော် ခွင့်ပြုပါတယ်။ ဒါက ကျွန်တော့်အတွက် ငွေဝင်လာစေပြီး သွားလာစရိတ် ပိုတောင် သက်သာစေမှာပါ” ဟု အိုလီရီက ပြောသည်။
မိမိ၏ လုပ်ဆောင်မှုမှာ ထိုခေတ်အခြေအနေအရ စိတ်ပူစရာ ကြီးမားသည့်အကြောင်းရပ် မဟုတ်ခဲ့ကြောင်း၊ ထိုအချိန်က ပိုမိုစိတ်ပူစရာရှိသည့် ကျန်းမာရေးကဏ္ဍ အကျပ်အတည်း၊ အီရတ်စစ်ပွဲတို့သည်သာ ပိုမို ပူပန်စရာဖြစ်ကြောင်းလည်း အိုလီရီက ထောက်ပြသည်။
“ကျွန်တော့်အနေနဲ့ တက္ကစီတစ်စီးကို ငှားစီးရင် ပြဿနာမရှိဘူး။ ကိုယ်ပိုင်တက္ကစီရှိရင် ပြဿာနာရှိတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ryanair boss Michael O'Leary owns taxi company with only one licensed car for very clever reason (ladbible)