- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန် ကားကုမ္ပဏီ Lanzante က မဟာပိန္နဲဘုရားကို ၎င်းတို့ ပထမဆုံး ထုတ်လုပ်မည့် ပြိုင်ကား အမှတ်တံဆိပ်အဖြစ် သတ်မှတ်
ဗြိတိန် ကားကုမ္ပဏီ Lanzante က မဟာပိန္နဲဘုရားကို ၎င်းတို့ ပထမဆုံး ထုတ်လုပ်မည့် ပြိုင်ကား အမှတ်တံဆိပ်အဖြစ် သတ်မှတ်
- 67 views
((မဟာပိန္နဲဘုရား အကြောင်း))
မဟာပိန္နဲသည် ဆင်ဦးခေါင်းရှိသော ဟိန္ဒူဘုရားဖြစ်ပြီး အသိဉာဏ်ပညာကို ကိုယ်စားပြုသည်။အခက်အခဲ အတားအဆီးများ ပြေပျောက်စေရန်အတွက် ကိုးကွယ်ကြသည်။
မဟာပိန္နဲသည် သိဝဘုရားနှင့် ပါဗာတီတို့၏ သားတော်ဖြစ်သည်။၂၀၂၅ ခုနှစ် Goodwood Festival of Speed ကားပြိုင်ပွဲတွင် ဗြိတိန် ကားထုတ်လုပ်သူ Lanzante Limited က ၎င်းတို့ ပထမဆုံးထုတ်လုပ်မည့်ပြိုင်ကားကို ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလာသည်။
Goodwood ကားပြိုင်ပွဲသည် အနောက်ဆပ်ဆက်ခရိုင်ရှိ Goodwood House အမည်ရှိ ကျေးလက်စံအိမ်တော် တွင် ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး ခေတ်ပေါ်ပြိုင်ကားများ၊ ခေတ်ဟောင်းကားများ ပါဝင်လေ့ရှိသည်။
95-59 ဟု အမည်ပေးထားသော ကားတွင် စိတ်ဝင်စားဖွယ်ကောင်းသည်မှာ မဟာပိန္နဲဘုရားကို လိုဂိုအဖြစ် အသုံးပြုထားခြင်းဖြစ်သည်။ထိုကားနှင့် ပတ်သက်သည့် ဓာတ်ပုံများ၊ ဗွီဒီယိုများမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ကာ ဟိုးလေးတကြော် ဂယက်ရိုက်နေသည်။
Lanzante သည် ကားအလုံးအရင်း ထုတ်လုပ်ခြင်းထက် ကားများ မွမ်းမံထိန်းသိမ်းခြင်း၊ အထူးအော်ဒါ လက်ခံကာ modify ပြုလုပ်ပေးခြင်းတို့ဖြင့် နာမည်ကြီးသည်။
Lanzante သည် ပြိုင်ကားများကို အများပြည်သူသုံးလမ်းပေါ်တွင် မောင်းနှင်ခွင့်ရှိစေမည့် ကားများအဖြစ် ပြောင်းလဲပေးခြင်းများလည်း ပြုလုပ်သည်။
95-59 မှာ ၁၉၉၅ ခုနှစ် Le Mans ကားပြိုင်ပွဲတွင် Lanzante က McLaren F1 GTR ဖြင့် အောင်ပွဲခံခဲ့မှုကို ရည်ညွှန်းသည်။
McLaren P1 ကို ဒီဇိုင်းဆွဲခဲ့သူ Paul Howse က 95-59 ကို ဒီဇိုင်းရေးဆွဲပေးခြင်း ဖြစ်သည်။
95-59 တွင် twin-turbo V8 အင်ဂျင်အသုံးပြုထားပြီး အထွက်အား 850 hp ရှိသည်။ ကိုယ်ထည်မှာ ကာဗွန်ဖိုက်ဘာကို အသုံးပြုထားသည်။Lanzante 95-59 သည် F-22 တိုက်လေယာဉ်ကို inspire ယူကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။တိုက်လေယာဉ်တစ်စင်းကဲ့သို့ပင် မှန်အမိုးတွင် မီးနှင့် ခလုတ်များရှိသည်။ အတွင်းပိုင်း ဓာတ်ပုံများကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးချေ။
95-59 ကို ၅၉ စင်းသာ ထုတ်လုပ်မည်ဖြစ်ရာ ကားဝါသနာအိုးများ စိတ်ဝင်စားမည့် အထူးရှားပါးသော ပြိုင်ကားဖြစ်လာမည် ဖြစ်သည်။
ကားတစ်စင်းစီတိုင်းတွင် မဟာပိန္နဲတံဆိပ်ပါဝင်မည်ဖြစ်ကာ အသိဉာဏ်ပညာ၊ ပေါများကြွယ်ဝမှု၊ အသစ်စတင်ခြင်းတို့ကို ရည်ညွှန်းသည်။
ဈေးနှုန်းမှာ အနိမ့်ဆုံး ယူရို ၁ ဒသမ ၃၈ သန်းမှ စမည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: British supercar maker with Lord Ganesha logo goes viral: Details (timesofindia)