- ပင်မစာမျက်နှာ
- ကားသတင်းများ
- ထိုင်းနိုင်ငံ၏ လူကြိုက်အများဆုံး ရုပ်ရှင်မင်းသမီး Marie Broenner အစိမ်းရောင် Porsche ပြိုင်ကားကို အရက်မူးကာ မောင်းနှင်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ၂ လ ချမှတ်ခံရ
ထိုင်းနိုင်ငံ၏ လူကြိုက်အများဆုံး ရုပ်ရှင်မင်းသမီး Marie Broenner အစိမ်းရောင် Porsche ပြိုင်ကားကို အရက်မူးကာ မောင်းနှင်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ၂ လ ချမှတ်ခံရ
- 312 views
ထိုင်းနိုင်ငံ၏ လူကြိုက်အများဆုံး ရုပ်ရှင်မင်းသမီး မာရီ ဘရွန်နာ (Marie Broenner) (အသက် ၃၃ နှစ်) သည် အရက်သေစာ သောက်စားကာ ကားမောင်းမှုဖြင့် ဘန်ကောက် မြောက်ပိုင်းခရိုင် တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ၂ လ ချမှတ်ခံလိုက်ပြီး ထောင်ဒဏ်ကို ၂ နှစ် ဆိုင်းငံ့ခွင့် ပြုထားသည်။
သူ၏ ယာဉ်မောင်းလိုင်စင်ကိုလည်း ၆ လ ပိတ်သိမ်းခြင်း ခံလိုက်ရသည်။
မာရီသည် သူ၏ အရင်းနှီးဆုံး မိတ်ဆွေအမျိုးသားနှင့်အတူ ကားမောင်းခဲ့ခြင်းဖြစ်သည်။ထိုအမျိုးသားမှာလည်း ရဲအရာရှိတစ်ဦးကို တိုက်ခိုက်မှု၊ ဟန့်တားမှုတို့အတွက် ဆိုင်းငံ့ ထောင်ဒဏ် ၁ လ ချမှတ်ခံရပြီး ထောင်ဒဏ်ကို ၁ နှစ် ဆိုင်းငံ့ခွင့်ပေးထားသည်။မာရီနှင့် လိုက်ပါလာသူမှာ နာမည်ကြီး ထိုင်းလုပ်ငန်းရှင် အက်စ်မိုးကွန်း ဆင်စစ်ကာကူး ဖြစ်ပြီး အများက ဘော့စ်ဟု အတိုကောက်ခေါ်ကြသည်။
ရုပ်ရှင်မင်းသမီး မာရီသည် သူ၏ အစိမ်းရောင် Porsche ကို မောင်းနှင်လာစဉ် ဘန်ကောက်မြို့၊ ပရာဒစ် မနုသန်လမ်း၊ ဝမ်ထောင်လန် ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် အရက်သေစာ သောက်စားထားမှု ရှိ၊ မရှိ အသက်ရှှုမှု စစ်ဆေးခံရန် ငြင်းပယ်ခဲ့ရာမှတစ်ဆင့် ပြဿနာ ပေါ်ပေါက်လာသည်။ထိုင်းနိုင်ငံ၏ ဥပဒေအရ စစ်ဆေးခံရန် ငြင်းပယ်ပါက အရက်သေစာ သောက်စားထားသည်ဟု ရဲတပ်ဖွဲ့က မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။
မင်းသမီး မာရီကို ငွေသား ဘတ် ၂၀၀၀၀ အာမခံဖြင့် ပြန်လွှတ်ထားသည်။၎င်းနှင့် အတူပါလာသော လုပ်ငန်းရှင် အမျိုးသားကိုမူ တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိအား တားဆီးနှောင့်ယှက်မှုဖြင့် အမှုဖွင့်ထားသည်။ တရားရုံး ကြားနာစစ်ဆေးမှုတွင် မာရီက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
မာရီသည် ရဲအရာရှိ၏ အမိန့်ကို ဆန့်ကျင်ခြင်းအတွက် အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိကာ ဒဏ်ငွေ ဘတ် ၁၀၀၀ ချမှတ်ခဲ့သည်။ထို့နောက် အရက်သေစာ သောက်စားကာ ကားမောင်းခဲ့မှုအတွက် ထောင်ဒဏ် ၂ လနှင့် ဒဏ်ငွေ ဘတ် ၄၀၀၀ ချမှတ်ခဲ့ပြီး ထောင်ဒဏ်ကို ၂ နှစ် ဆိုင်းငံ့ခွင့် ပေးထားသည်။
ထို့အပြင် မာရီသည် တစ်နှစ်တာအတွင်း အာဏာပိုင်တို့ထံ ၃ ကြိမ် သတင်းပို့ရမည်ဖြစ်သည့်အပြင် အများပြည်သူ ဝန်ဆောင်မှု ၁၂ နာရီ လုပ်ကိုင်ရမည်ဖြစ်ကာ ခံဝန်ဖြင့် ၁ နှစ် နေထိုင်ရမည်ဖြစ်သည်။သူ၏ လိုင်စင်ကိုလည်း ၆ လ ပိတ်သိမ်းလိုက်သည်။
မာရီနှင့် လိုက်ပါလာသော စီးပွားရေးလုပ်ငန်းရှင် ဘော့စ်ကလည်း ရဲအရာရှိများကို တိုက်ခိုက် ဟန့်တားမှု ပြုလုပ်ခဲ့ကြောင်း ဝန်ခံသည်။၎င်းကိုမူ တရားရုံးက ဒဏ်ငွေ ဘတ် ၁၀၀၀၀ နှင့် ထောင်ဒဏ် ၁ လချမှတ်ပြီး ထောင်ဒဏ်ကို ၁ နှစ် ဆိုင်းငံ့ခွင့် ပေးထားသည်။တရားရုံးမှ ထွက်လာချိန်တွင် ဘော့စ်သည် သတင်းထောက်များရှိရာသို့ လှမ်းကြည့်ခဲ့သော်လည်း စကားပြောဆိုခြင်း မပြုခဲ့ချေ။
၎င်းတို့နှစ်ဦးသည် စောင့်ဆိုင်းနေသော ကားတစ်စင်းပေါ်သို့ အလျင်စလို တက်သွားကြသည်။မာရီ ကားပေါ်မတက်ရသေးမီ ယာဉ်မောင်းမှာ အလျင်စလို မောင်းထွက်သွားသောကြောင့် မာရီ ထိတ်လန့်သွားခဲ့ရသေးသည်။မာရီတို့နှစ်ဦး ရဲစခန်းသို့ လာသောကားနှင့် တရားရုံးမှ အပြန်တွင် စီးသောကားမှာ မတူညီချေ။ဝမ်ထောင်လန် ရဲစခန်းသို့ သွားချိန်တွင် အဖြူရောင် လျှပ်စစ် Porsche ဖြင့်ဖြစ်ပြီး တရားရုံးမှ ပြန်ချိန်တွင် အဖြူရောင် Toyota Yaris ဖြင့် ဖြစ်သည်။
((မာရီ ဘရွန်နာ ဘယ်သူလဲ))
မာရီ ဘရွန်နာသည် ထိုင်းနိုင်ငံတွင် နာမည်ကြီး ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ပရိသတ် မဲပေးမှုအရ လူကြိုက်အများဆုံး ထိုင်းမင်းသမီးအဖြစ် ရွေးချယ်ခံရဖူးသည်။
Mr Hurt (၂၀၁၇) ၊ Revenge from the Past (၂၀၂၂) ၊ Mia 2018 (၂၀၁၈)၊ Ching Ruk Rissaya (၂၀၁၇)၊ City of Light: The O.C Thailand (၂၀၁၆) နှင့် Waew Mayura (၂၀၁၂) အစရှိသည်တို့တွင် ပါဝင်သရုပ်ဆောင်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Thai actress, socialite friend slammed with suspended jail terms for drunk driving and abuse (pattayamail)