• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဂျပန်တွင် အလိုအလျောက်စနစ်သုံး တိုးဂိတ်တစ်ခုမှာ ၃၈ နာရီ ပျက်နေခဲ့ရာ ဖြတ်သန်းသွားသော ကားအစင်းရေ ၂၄၀၀၀ ကျော်က အလိုက်တသိ ဂိတ်ကြေးပေးဆောင်ခဲ့ကြ

ဂျပန်တွင် အလိုအလျောက်စနစ်သုံး တိုးဂိတ်တစ်ခုမှာ ၃၈ နာရီ ပျက်နေခဲ့ရာ ဖြတ်သန်းသွားသော ကားအစင်းရေ ၂၄၀၀၀ ကျော်က အလိုက်တသိ ဂိတ်ကြေးပေးဆောင်ခဲ့ကြ

  • 310 views

k3ko8flg_as_625x300_28_July_25.jpg

ဂျပန်လူမျိုးတို့သည် ဥပဒေကို လိုက်နာမှုအပြင် လူမှုစံနှုန်းများကိုလည်း အထူးအလေးထားလိုက်နာ သူများအဖြစ် ကမ္ဘာတွင် ကျော်ကြားသည်။

ယခုနှစ် ဧပြီလက အီလက်ထရောနစ်စနစ်သုံး အလိုအလျောက် တိုးဂိတ်ကောက်ခံမှုစနစ်မှာ ၃၈ နာရီခန့် ပျက်နေခဲ့ရာ ဂျပန်နိုင်ငံသားတို့၏ ကိုယ်ကျင့်သီလကို အထင်အရှားတွေ့လာရသည်။
ဂျပန်ရှိ ယာဉ်အသွားအလာရှုပ်ထွေးသော လမ်းပိုင်းအချို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဂိတ်ကြေးမပေးဆောင်စေဘဲ ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့ပြီး နောင်အခါတွင်မှ အွန်လိုင်းမှတစ်ဆင့် ပေးဆောင်ရန် တိုက်တွန်းခဲ့သည်။ထိုအခါတွင် လူပေါင်း ၂၄၀၀၀ သည် အွန်လိုင်းမှတစ်ဆင့် ဂိတ်ကြေးပေးဆောင်ခဲ့ကြရာ ဂျပန်ပြည်သူတို့၏ နိုင်ငံသားတာဝန်သိတတ်မှုကို ပြသနေသည်။

Japan Today ၏ ဖော်ပြချက်အရ အဆိုပါဖြစ်ရပ်မှာ ဧပြီလ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အီလက်ထရောနစ် တိုးဂိတ် (ETC) မှာ ၃၈ နာရီခန့် ပျက်နေခဲ့ကြောင်း ဖော်ပြသည်။

ဂျပန်တွင် မော်တော်ကားတို့သည် တိုးဂိတ်သို့ရောက်လျှင် အရှိန်အနည်းငယ်လျှော့ပေးရသည်။ ကတ်၏ အချက်ပြမှုကို ဖတ်ရှုကာ အလိုအလျောက်စနစ်ဖြင့် ငွေကောက်ခံပြီးချိန်တွင် တိုးဂိတ်အလိုအလျောက်ပွင့်သွားမည်ဖြစ်ကာ ဆက်လက်မောင်းနှင် သွားနိုင်သည်။

ထိုရက်များက တိုကျိုမြို့ အဝေးပြေးလမ်းမကြီး ၂ ခုရှိ တိုးဂိတ်ပေါင်း ၁၀၆ ခုတွင် ETC မှာ ပျက်နေခဲ့ရာ မော်တော်ကားများ၏ ကတ်များကို မဖတ်နိုင်ခဲ့ချေ။တိုးဂိတ်များ ပျက်နေသောကြောင့် တိုးဂိတ်များကို လည်ပတ်လုပ်ကိုင်သည့် Central Nippon Expressway ကုမ္ပဏီ (NEXCO Central) က ဂိတ်အားလုံးကို ဖွင့်ထားကာ လွတ်လပ်စွာ ဖြတ်သန်းမောင်းနှင်ခွင့်ပေးလိုက်ရန် ဆုံးဖြတ်ခဲ့သည်။

NEXCO Central က ထုတ်ဖော်ပြောကြားသည်မှာ လူပေါင်း ၂၄၀၀၀ ဦးခန့်ထံမှ ဂိတ်ကြေးပေးဆောင်လာမှုများ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။NEXCO က ကြေညာသည်မှာ တိုးဂိတ်ပျက်နေစဉ်အတွင်း ဂိတ်ကြေးများကို ကင်းလွတ်ခွင့်ပေးကြောင်း၊ မိမိတို့ထံ ပေးဆောင်လာသူများကို ငွေပြန်အမ်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်သုံးစွဲသူတို့က ဂျပန်နိုင်ငံသားတို့၏ စိတ်ဓာတ်အပေါ် များစွာချီးကျုးလေးစားလျက်ရှိကြသည်။

“ဂျပန်ဟာ ယုံကြည်စိတ်ချရမှု မြင့်မားတဲ့ လူ့အသိုက်အဝန်းပါ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

“မနှစ်တုန်းက ဂျပန်မှာ ကားမောင်းခဲ့ဖူးတယ်။ သူတို့ရဲ့ စနစ်က သိပ်ကောင်းတယ်။ တိုးဂိတ်တွေမှာ ကားရပ်စရာတောင် မလိုဘူး” ဟု အခြားတစ်ဦးကဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Japan's Toll System Crashes For 38 Hours, 24,000 Still Voluntarily Pay The Fees