ကားမောင်းသင်ပေးသော လူငယ်၏ ဂီယာပြောင်းပုံကို သဘောကျသောကြောင့် လက်ထပ်လိုက်သည့် ပါကစ္စတန် ဆယ်ကျော်သက်မိန်းကလေး

  • 275 views

woman1-sixteen_nine.jpg

အချစ်တွင် ယုတ္တိမလို၊ အကြောင်းပြချက်မလို။

တစ်ဦးက တစ်ဦးအပေါ် (သို့မဟုတ်) အပြုအမူလေးတစ်ခုအပေါ် မြတ်နိုးတွယ်တာသွားနိုင်သည်။တစ်ဦး၏ အသေးအဖွဲ အပြုအမူလေးအပေါ်ဖြစ်စေ၊ အလုပ်အကိုင်အပေါ်ဖြစ်စေ၊ ဝါသနာအပေါ်ဖြစ်စေ၊ ယုတ်စွအဆုံး ကားမောင်းရာတွင် ဂီယာပြောင်းသည့် စတိုင်အပေါ်ဖြစ်စေ မြတ်နိုးစိတ် ဖြစ်ပေါ်လာနိုင်သည်။

ထူးအိမ်သင်၏ “နှလုံးသားရဲ့ ကျမ်းစာ” အမည်ရှိ သီချင်းတစ်ပုဒ်ကို သတိရမိသည်။

♫ ♫♪ ဘာကြောင့်များ…ချစ်လဲ ၊ ဒီလိုမေးရင် ခက်သားကွယ်…
အချစ်မှာ အကြောင်းပြချက်များ မလိုဘူး… ♫
အချစ်သည် အကြောင်းပြချက်မလိုသည့်နည်းတူ အဖြေရှာမရသော ပုစ္ဆာတစ်ရပ်လည်း ဖြစ်၏။

သင့်အနေဖြင့် ထူးခြားသော အချစ်ဇာတ်လမ်းမျိုးစုံ ကြားဖူးသိဖူးမည်ဖြစ်သော်လည်း ယခုအဖြစ်မျိုးကိုမူ တွေ့ဖူး၊ ကြားဖူးမည် မဟုတ်ချေ။

ပါကစ္စတန်နိုင်ငံတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၎င်းအား ကားမောင်းသင်ပေးသော အမျိုးသား (အသက် ၂၁ နှစ်) ဂီယာချိန်းပုံကို နှစ်သက်မြတ်နိုးမိကာ လက်ထပ်လိုက်သည့်ဖြစ်ရပ် ဖြစ်သည်။ မိန်းကလေး၏ အမည်မှာ ခါတီဂျာဟု ခေါ်သည်။

၎င်းတို့စုံတွဲက ၎င်းတို့၏ အချစ်ဇာတ်လမ်းကို Daily Pakistan သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖွင့်ဟ ပြောပြခဲ့ခြင်းဖြစ်သည်။

ခါတီဂျာနှင့် ဒရိုင်ဘာ လူငယ်တို့ အချစ်ဇာတ်လမ်းစတင်ခဲ့ပုံမှာ ခါတီဂျာ၏ ဖခင်က သမီးဖြစ်သူကို ကားမောင်းသင်ပေးရန်အတွက် ထိုလူငယ်ကို သင်တန်းဆရာအဖြစ် ငှားရမ်းခဲ့ခြင်းမှ စတင်သည်။ ကံကြမ္မာတည်းဟူသော ဇာတ်ဆရာက ခါတီဂျာတို့အတွက် ဇာတ်ညွှန်းကြိုတင် ရေးဆွဲထားခဲ့ပြီး ဖြစ်သည်။ ထိုသို့ ကားမောင်းသင်နေချိန်တွင် ခါတီဂျာနှင့် လူငယ်တို့ ချစ်ကျွမ်းဝင်သွားကြသည်။

 

ss4-1-e1667468235733.jpg

ထိုလူငယ်မှာ ကားမောင်းအလွန်ကျွမ်းကြောင်း ခါတီဂျာက ပြောသည်။ခါတီဂျာက ကားမောင်းတကယ်သင်ခဲ့ခြင်းမရှိ။ နှစ်ဦးသား နေ့စဉ် ထိတွေ့ဆက်ဆံနေရမှုများမှတစ်ဆင့် ချစ်ခြင်းတို့ မွေးဖွားလာခဲ့သည်။ဂီယာချိန်းသင်ချိန်တွင် ထိုလူငယ်က သူ၏ လက်ကို ကိုင်ထားရန် ပြောဆိုခဲ့ကြောင်း ခါတီဂျာက ပြောပြသည်။သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ခင်ပွန်းဖြစ်သူကို ရည်ရွယ်သည့် သီချင်းတစ်ပုဒ် ပြောပြခဲ့သည်။

၁၉၇၃ ခုနှစ်က ရုံတင်ခဲ့သော ဘောလိဝုဒ်ရုပ်ရှင် Bobby မှ ဇာတ်ဝင်တေးဖြစ်ပြီး လူငယ်တိုင်း၏ နှုတ်ဖျားတွင် ရေပန်းစားခဲ့ဖူးသည့် Hum Tum Ek Kamre Mein Band Ho အမည်ရှိ သီချင်းဖြစ်သည်။
သီချင်းစာသားတစ်ခုကို လေ့လာကြည့်ပါ။

ကိုယ်နဲ့မင်း …အခန်းငယ်တစ်ခုထဲမှာ သော့ခတ် ပိတ်မိနေပြီး..
သော့ကလည်း ပျောက်နေတဲ့အခါမျိုးမှာ…
တို့နှစ်ဦးရဲ့ ရင်ခုန်သံတွေ…
တစ်ယောက်နဲ့ တစ်ယောက်ကြားနိုင်လောက်ပါရဲ့..
ဟုဖြစ်သည်။

ခါတီဂျာက သီချင်းထဲမှ အခန်းငယ်ဆိုသည်ကို ကားထဲတွင် နှစ်ဦးအတူ ရှိနေသည်ကို ရည်ညွှန်းခံစားခဲ့ခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: This Pakistan teen fell in love with her driver's gear-changing style. So, she married him (indiatoday)