- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဘရုစ်လီ အမေရိကန်ပြည်တွင် စီးခဲ့သော ၁၉၆၆ မော်ဒယ် Chrysler Imperial မော်တော်ကား
ဘရုစ်လီ အမေရိကန်ပြည်တွင် စီးခဲ့သော ၁၉၆၆ မော်ဒယ် Chrysler Imperial မော်တော်ကား
- 244 views
ဘရုစ်လီသည် ကိုယ်ခံပညာကျွမ်းကျင်မှုဖြင့် နာမည်ကြီးခဲ့သူဖြစ်သည့်အပြင် ကားမောင်းအလွန်ကျွမ်းသူလည်း ဖြစ်၏။
“မဟူရာ အလှလေး” ဟု အများခေါ်ဝေါ်ကြသည့် ၁၉၆၆ မော်ဒယ် Chrysler Imperial ကို ဘရုစ်လီ စီးခဲ့ဖူးသည်။
ဘရုစ်လီသည် Chrysler Imperial ဖြင့် အမေရိက၏ ကားမြို့တော်ဖြစ်သော ဒက်ထရွိုက်၏ လမ်းများပေါ်တွင် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
V8 အင်ဂျင်သုံးထားသော Chrysler Imperial သည် ဘရုစ်လီနည်းတူ ထိုခေတ်ထိုကာလ၏ အထင်ကရတစ်ခုပင်။
၁၉၆၆ ခုနှစ်က ပြသခဲ့သော The Green Hornet ရုပ်ရှင်တွင် ဘရုစ်လီက ဒုစရိုက်သမားများကို နှိမ်နင်းသူ ကာတိုအဖြစ် သရုပ်ဆောင်ခဲ့သည်။
ထိုဇာတ်ကားထဲတွင် ကာတိုက လက်နက်ကိရိယာ အစုံအလင် တပ်ဆင်ထားသော Chrysler Imperial မော်တော်ကားကို အသုံးပြုခဲ့သည်။
ကာတို၏ Chrysler Imperial တွင် စက်သေနတ်များ၊ ဒုံးပစ် လောင်ချာများ၊ မီးခိုးထုတ်လွှတ်ခြင်းများ အစရှိသည်တို့ လုပ်ဆောင်နိုင်စွမ်းရှိသည်။ ရှေ့မီးကြီးမှာလည်း အစိမ်းရောင်ဖြစ်၏။
ထိုဇာတ်ကားမှ ဘရုစ်လီစီးသော Chrysler Imperial သည် ဂျိမ်းစ်ဘွန်းဇာတ်ကားများမှ Aston Martin ကားများနည်းတူ တစ်ခေတ်ဆန်းခဲ့ဖူးသည်။
ရုပ်ရုပ်ရိုက်ရန်အတွက် Chrysler Imperial ကို ဗားရှင်းများစွာ ထုတ်လုပ်ခဲ့ရာ စတန့်အတွက် သရုပ်ပြသည့်ကားများလည်း ပါဝင်သည်။
သို့သော် အမှန်တကယ် မောင်းနှင်အသုံးပြုနိုင်သော Chrysler Imperial များလည်း ပါဝင်ပြီး ဘရုစ်လီကိုယ်တိုင် မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
ဘရုစ်လီက ရုပ်ရှင်ကို ကြော်ငြာသည့်အနေဖြင့် Chrysler Imperial ကို အမေရိကတွင် ကိုယ်တိုင်မောင်းနှင်ခဲ့ရာ ဒက်ထရွိုက်တွင်လည်း မောင်းနှင်ခဲ့ဖူးသည်။ ယင်းနောက်ပိုင်း The Green Hornet ကို လူတို့ စိတ်ဝင်စားမှု အလွန်များပြားခဲ့သည်။
ဘရုစ်လီ၏ နောက်ပိုင်းတွင် Vin Diesel ကလည်း Fast & Furious ရုပ်ရှင်ကို လူအများစိတ်ဝင်စားစေရန် အတွက် ရုပ်ရှင်ထဲတွင် သုံးသည့်ကားများကို အဝေးပြေးလမ်းမပေါ်တွင် မောင်းပြခဲ့ဖူးသည်။
V8 ၏ စက်သံ၊ သားနားတောက်ပသော အနက်ရောင်ကား၊ ဘရုစ်လီ၏ လျှမ်းလျှမ်းတောက် ကျော်ကြားမှုတို့ကို ပေါင်းစပ်လိုက်လျှင် ပရိသတ်တို့ တသသ ဖြစ်ခဲ့ရသည်။
ပိုမိုထူးခြားစေသည့်အချက်မှာ ထိုခေတ်က ရုပ်ရှင်တို့တွင် ပြိုင်ကားများ၊ modify လုပ်ထားသော ကားများကိုသာ အသုံးပြုကြရာ Chrysler Imperial ကဲ့သို့ luxury ကားကို သုံးထားသည့် The Green Hornet မှာ တမူထူးနေသည်။
ယနေ့အခါတွင်ကား “မဟူရာ အလှလေး”သည် ပေါ့ပ်ယဉ်ကျေးမှုသမိုင်း၏ ရတနာတစ်ပါး ဖြစ်နေလေပြီ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bruce Lee drove this V8 Chrysler through Detroit and it wasn’t just for show (supercarblondie)