လူကြီးသားကို ချေချွတ်ဆုံးမလိုက်သည့် အိန္ဒိယ ယာဉ်ထိန်းရဲ

  • 305 views

viber_image_2025-08-23_10-54-45-008.jpg
အိန္ဒိယ၏ လမ်းများပေါ်တွင် သြဇာအာဏာရှိသူတို့က လမ်းစည်းကမ်းချိုးဖောက်ကာ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဖြစ်ရပ်များ လုပ်ဆောင်ကြခြင်းကို မကြာခဏ တွေ့ရလေ့ရှိသည်။

၎င်းတို့မှာ ချမ်းသာကြွယ်ဝကာ အာဏာရှိသူများဖြစ်သောကြောင့် မည်သူကမှ မေးခွန်းမထုတ်ကြ။

သို့သော် မကြာသေးမီကမူ အာဏာရှိသူတစ်ဦး လမ်းစည်းကမ်းချိုးဖောက်မှုကို မေးခွန်းထုတ်ဝံ့သည့် အာဂ ယာဉ်ထိန်းရဲတစ်ဦး အိန္ဒိယတွင် ပေါ်ပေါက်လာသည်။

အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ်၊ ဟားသရပ်စ်မြို့ အာဏာရ BJP ပါတီမှ အမတ်တစ်ဦး၏ သားကို ယာဉ်ထိန်းရဲတစ်ဦးက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ဥပဒေပြုကောင်စီဝင် ချောင်ဒရီး ရီရှီပါ ဆင်း၏ သားဖြစ်သူ တာပက်ရှ် လိုက်ပါလာသော အိန္ဒိယပြည်တွင်းဖြစ် Mahindra Scorpio Classic ကားမှာ လူသူရှုပ်ထွေးသည့် လမ်းတစ်ကို ပိတ်ဆို့နေစေခဲ့သည်။

ထိုအခါ ယာဉ်ထိန်းရဲ အက်စ်ပီ ဆင်းက မေးခွန်းထုတ်ခဲ့ရာမှတဆင့် အခြေအတင် စကားများခဲ့ကြသည်။

mahindra_scorpio_white_b582509fb6.jpg

ထိုဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်မှာ အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့ကြား ပျံ့နှံ့လျက်ရှိသည်။

ယာဉ်ကြောပိတ်ဆို့စေမှုအတွက် ယာဉ်ထိန်းရဲက တာပက်ရှ်၏ SUV သို့သွားရောက်ကာ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပြီး မိမိတာဝန်ကို ထမ်းဆောင်ခြင်းသာဖြစ်သည်။ တာပက်ရှ်က အက်စ်ပီ ဆင်းကို ထွက်သွားဟု ပြောဆိုခဲ့သည်။

တာပက်ရှ်က ထိုသို့ပြောလိုက်ချိန်တွင် ယာဉ်ထိန်းရဲ ခွန်းတုံ့မပြန်ဟု မျှော်လင့်ထားသော်လည်း အက်စ်ပီ ဆင်းက “မင်းက အဖေကို သိက္ခာချနေတာပဲ” ဟု ပြောဆိုခဲ့သည်။

ကားမှာ အဖြူရောင် Scorpio Classic SUV ဖြစ်ပြီး လေကာမှန်တွင် လွှတ်တော်အမတ်ဟူသော စတစ်ကာ ကပ်ထားသည်။

ထို့အပြင် ဘောနက်ပေါ်တွင် BJP ပါတီအလံလည်း ထောင်ထားရာ ကားပိုင်ရှင်၏ သြဇာအာဏာကြီးပုံကို ပြသထားသည်။

ကားပေါ်တွင် သေနတ်ကိုင် အစောင့်အရှောက်တစ်ဦး လိုက်ပါလာသည်ဟု ဆိုသည်။

ထိုမျှ အာဏာရှိသော်လည်း ယာဉ်ထိန်းရဲ အက်စ်ပီ ဆင်းက လမ်းစည်းကမ်းချိုးဖောက်မှုကို မေးခွန်းထုတ်ခဲ့ကာ လမ်းလယ်တွင် ရပ်တန့်ထားသော ကားကို နေရာရွှေ့ရန် ယာဉ်မောင်းအား ပြောဆိုခဲ့သည်။

ထိုအခါ အမတ်၏သားက ထွက်သွားဟု ပြောခဲ့ရာ ၎င်းတို့နှစ်ဦးကြား စကားအခြေအတင် ဖြစ်ပွားခဲ့သည်။

အက်စ်ပီဆင်းက ထိုဖြစ်ရပ်ကို သူ၏ ဖုန်းဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ ထိုအချိန်တွင် အခြား ယာဉ်ထိန်းရဲတစ်ဦး ရောက်ရှိလာပြီး အခြေအနေကို ပြေလည်စေရန် ကြိုးစားခဲ့သည်။

“ငါ့အသက် ၅၅ နှစ်ရှိပြီ။ မင်းက ..ငါ့ကို ထွက်သွားစမ်း…လို့ ပြောနေတယ်” ဟု အက်စ်ပီဆင်းက ပြောရာ တာပက်ရှ်က “ခင်ဗျားက ၅၅ နှစ်အရွယ်မို့ ကျုပ်က လေးစားမှုပေးနေတာ” ဟု တုံ့ပြန်သည်။

traffic_policeman_against_lawmaker_s_son_in_uttar_pradesh_b5a97a2575.jpg

ထို့နောက် အက်စ်ပီဆင်းက တာပက်ရှ်၏ ကားကြောင့် ယာဉ်ကြောပိတ်ဆို့နေကာ အများပြည်သူ အနှောင့်အယှက်ဖြစ်ရကြောင်း ပြောသည်။

“မင်းသာ ကောင်းကောင်းမွန်မွန်ပြောခဲ့ရင် ဒီလောက် တင်းတင်းမာမာ ဖြစ်လာစရာ မရှိဘူး” ဟု အက်စ်ပီဆင်းက ဆက်လက်ပြောဆိုသည်။

ထိုအခါ တာပက်ရှ်က မိမိအနေဖြင့် ကောင်းကောင်းမွန်မွန်ပြောနေကြောင်း၊ အက်စ်ပီဆင်းကြောင့် ယာဉ်ထိန်းတပ်ဖွဲ့တစ်ခုလုံး နာမည်ပျက်စေနိုင်ကြောင်း တုံ့ပြန်သည်။

ထိုအခါ အက်စ်ပီဆင်းက “မင်းက အဖေကို သိက္ခာကျအောင် လုပ်နေတာပဲ” ဟုဆိုကာ ယခုဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် တင်မည်ဖြစ်ကြောင်းလည်း ပြောသည်။

“ငါက မင်းထက် ပညာပိုတတ်တယ်။ စကားကို ဘယ်လိုပြောရမယ်ဆိုတာ သိတယ်။ မင်းက အာဏာကို အလွဲသုံးစားလုပ်နေတာပဲ” ဟု အက်စ်ပီဆင်းက ဆက်လက်ပြောဆိုခဲ့သည်။

ထိုအခါ တာပက်ရှ်က ယာဉ်မောင်းကို ကားမောင်းထွက်ရန် ပြောလိုက်ပြီး တစုံတခု တီးတိုးပြောလိုက်သည်ဟု ဆိုသည်။ အိန္ဒိယ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းတစ်ဦးကို ပိတ်ဆို့ဟန့်တား နှောင့်ယှက်ခြင်း ပြုလုပ်ပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ဒဏ်ငွေ ရူပီး ၅၀၀ ချမှတ်ရန် ပြဌာန်းထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  More Educated Than You: Policeman Tells Politician's Son Whose Mahindra Scorpio Blocked Traffic (cartoq)