- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်တွင် Corvette ပြိုင်ကားခိုးသည့် ကားသူခိုးမှာ ကားထဲမှ ပြန်မထွက်တတ်သောကြောင့် ကားပိုင်ရှင်ကို အကူအညီတောင်းခဲ့ရပုံ (အဖြစ်ဆိုးတဲ့ ကားသူခိုး)
အမေရိကန်ပြည်တွင် Corvette ပြိုင်ကားခိုးသည့် ကားသူခိုးမှာ ကားထဲမှ ပြန်မထွက်တတ်သောကြောင့် ကားပိုင်ရှင်ကို အကူအညီတောင်းခဲ့ရပုံ (အဖြစ်ဆိုးတဲ့ ကားသူခိုး)
- 338 views
ကားသူခိုးဖြစ်ရသူမှာ ဘဝဆိုးလှသည်။
ထို့ထက် ကားသူခိုးဖြစ်ပြီး ခိုးထားသည့် ကားထဲမှ ပြန်မထွက်တတ်သူမှာ ပို၍ဆိုးသည်။ကမ္ဘာပေါ်တွင် အမိုက်မဲဆုံး လူသားဖြစ်သည်ဟု ဆိုရမည်။
အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် Corvette တစ်စင်းကို ခိုးယူသည့် သူခိုးမှာ ကားထဲမှ ပြန်ထွက်၍ မရဖြစ်ကာ အဖမ်းခံခဲ့ရသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
ကားပိုင်ရှင်ဖြစ်သူ ဂျူလီယို ဆိုလာနို (Julio Solano) သည် မနက်စာစားပြီးချိန်တွင် မိုင်အမ်မီကမ်းခြေရှိ ကားထားသော ဂိုဒေါင်ရှိရာသို့ လာခဲ့၏။ထိုအခါ သူ၏ C8 Corvette ကားထဲတွင် ပိတ်မိနေသော အမျိုးသားတစ်ဦးကို တွေ့ခဲ့ကြောင်း မိုင်အမ်မီအခြေစိုက် Local 10 သတင်းဌာနက ဖော်ပြသည်။
ကားသူခိုး၏ အမည်မှာ ရာဗက်ရှ် ရာဘင်ဒရာနတ်သ်ဟု ဆိုသည်။ကားသူခိုးက ကားထဲမှ ထွက်မရသောကြောင့် ကားပိုင်ရှင် ဆိုလာနိုအား အကူအညီတောင်းခဲ့သည်။ပို၍ ရယ်စရာကောင်းသည်မှာ အဆိုပါဖြစ်ရပ်ကို ကားပိုင်ရှင်က ဖုန်းဖြင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
“ညီအစ်ကိုရေ…ဒါ..ခင်ဗျားရဲ့ကား မဟုတ်ဘူးလေ။ ဒါ..ကျွန်တော့်ကားဗျ” ဟု ကားပိုင်ရှင် ဆိုလာနိုက အသက် ၃၃ နှစ်အရွယ် ကားသူခိုး ရာဗက်ကို ပြောခဲ့သည်။
“ကျွန်တော် ကားထဲက ထွက်လို့ရမလား”
“မရဘူးဗျ။ ကျွန်တော်တို့ ရဲကို ခေါ်ထားတယ်” ဟု ဆိုလာနိုက ပြန်ပြောခဲ့သည်။
မကြာမီ ရဲအရာရှိများ ရောက်လာပြီး ရာဗက်ရှ်ကို ဖမ်းလိုက်ကြသည်။ရာဗက်ရှ်သည် ကားထဲသို့ မည်သို့မည်ပုံ ဝင်နိုင်ခဲ့သည်ကိုမူ မသိရချေ။ကား၏ ရှုပ်ထွေးသော စနစ်များက ရာဗက်ရှ်ကို ကားထဲတွင် ပိတ်မိနေစေခြင်း ဖြစ်သည်။Corvette ၏ နောက်ပိုင်း generation ကားများတွင် electronic ဖြင့် ဖွင့်နိုင်သော တံခါးများ အသုံးပြုထားသည်။
နည်းပညာရှုပ်ထွေးမှုမှာ ကားပိုင်ရှင်အချို့အတွက် စိတ်ရှုပ်ဖွယ်ဖြစ်သော်လည်း ကားသူခိုးများအတွက်မူ ပိုမိုစိတ်ညစ်စရာဖြစ်စေခဲ့သည်။ကား၏ electronics နှင့် security system တို့က ရာဗက်ရှ်ကို ကားထဲတွင် ပိတ်မိနေစေခဲ့ခြင်း ဖြစ်သည်။
“ကားရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေက သော့မရှိဘဲ အလုပ်မလုပ်ပါဘူး။ ကံကောင်းသွားတာက ထိုင်ခုံအောက်မှာရှိတဲ့ တံခါးဖွင့်တဲ့ခလုပ်ကို သူခိုးက မသိတာပါ။” ဟု ဆိုလာနိုက Local 10 သို့ ပြောသည်။ ဆိုလာနိုက တန်ဖိုးကြီးကားများ ငှားရမ်းသည့် ကုမ္ပဏီပိုင်ရှင်ကိုလည်း ယခုဖြစ်ရပ်အကြောင်း အသိပေးခဲ့သည်။
အဆိုပါ ကုမ္ပဏီမှ ကားများသည်လည်း ဆိုလာနို ကားရပ်နားသည့် ဂိုဒေါင်တွင်ပင် ထားရှိခြင်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Car Thief Asks Corvette Owner For Help After Getting Locked Inside Car (jalopnik)